သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားခေါင်းဆောင် အိမ်ဖြူတော်မှာ အိုဘားမား နှင့်တွေ့ဆုံ


အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို နဲ့ အမေရိကန်သမ္မတ အိုဘားမား
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို နဲ့ အမေရိကန်သမ္မတ အိုဘားမား

ရာသီဥတု အပြောင်းအလဲကိစ္စရပ်များအပြင် ကုန်သွယ်ရေးနဲ့တောင်တရုတ်ပင်လယ်မှာ ပင်လယ်ရေကြောင်းသွားလာမှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ အမေရိကန်သမ္မတ ဘရက် အိုဘားမားတို့ အိမ်ဖြူတော်မှာ တနင်္လာနေ့ကတွေ့ဆုံစဉ် အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဝီဒိုဒိုဟာ အမေရိကန်ပြည်ထောင်စုကို ဆယ်နှစ်တာအတွင်း ပထမဦးဆုံး လာရောက်တဲ့ အင်ဒိုနီးရှားခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်က သမ္မတရာထူး လက်ခံခဲ့ပြီး ကမ္ဘာ့လူဦးရေအများဆုံး မွတ်ဆလင်နိုင်ငံမှာ အပြောင်းအလဲဖော်ဆောင်ဖို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အိုဘားမားနည်းတူ လွန်ခဲ့တဲ့ ခြောက်နှစ်က အိုဘားမားအာဏာရရှိခဲ့စဉ်အတိုင်း စီးပွားရေး အခက်အခတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမို စွဲဆောင်နိုင်မယ့်အလားအလာကို အင်ဒိုနီးရှားခေါင်းဆောင်က လိုလားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ လူဦးရေ သန်းနှစ်ရာ့ငါးဆယ်အနက် ၁၇ ရာခိုင်နှုန်းသာ အင်တာနက်အဆက်အသွယ်ရှိပြီး ဒါဟာ ကမ္ဘာတဝှမ်း တခြားနိုင်ငံတွေထက် လွန်စွာရော့နည်းတာ ဖြစ်ပါတယ်။ သူဟာ ၅ ရက်တာ အမေရိကန်ခရီးစဉ်အတွင်း စီးပွားရေးခေါင်းဆောင်များ ငွေကြေးစီမံခန့်ခွဲသူများ စက်မှုနည်းပညာနဲ့ သတ္တုတွင်းလုပ်ငန်း အမှုဆောင် အရာရှိတွေနဲ့ Sans Francisco နဲ့ ဝါရှင်တန်တို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

ငယ်စဉ် ကလေးဘဝက ၅ နှစ်နီးပါးကြာ အင်ဒိုနီးရှားမှာနေထိုင်ခဲ့တဲ့ အိုဘားမားအနေနဲ့ ကာကွယ်ရေးနဲ့ပင်လယ်ရေကြောင်း ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အင်ဒိုနီးရှားအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံတို့နဲ့ဆက်ဆံရေးကို ချိန်ခွင်လျာညှိနေပေမယ့် တောင်တရုတ်ပင်လယ်မှာ တရုတ်အစိုးရရဲ့ ပင်လယ်ပြင် ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်မကင်း ဖြစ်လျက်ရှိပါတယ်။ ဝီဒိုဒိုအနေနဲ့ အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်ကို စွမ်းရည်မြှင့်တင်ပေးဖို့ အမေရိကန်ထံက အကူအညီကို တောင်းခံနေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံတဝှမ်းအပြင် ဒေသတွင်း တောမီးလောင်ကျွမ်းမှုတွေကြောင့် မီးခိုးမြူတွေ ဖုံးလွှမ်းမှုကိုရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရာသီဥတု အပြောင်းအလဲနဲ့ပတ်သက်လို့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ကိုလည်း ဝီဒိုဒိုကို အိုဘားမားက ဖိအားပေးနိုင်ဖွယ်ရှိပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်တဲ့ အဓိက နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

Amnesty International USA က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အင်ဒိုနီးရှား လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ပတ်သက်လို့ ဝီဒိုဒိုကို သမ္မတ အိုဘားမားက မေးခွန်းထုတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။ အင်ဒိုနီးရှားခေါင်းဆောင်က တိုးတက်မှုတွေ ပြုလုပ်ပေးမယ်လို့ ကတိပေးထားပေမယ့် အပြောင်းအလဲကနှေးကွေးတယ်လို့ Amnesty က ပြောပါတယ်။ အင်ဒိုနီးရှား အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေရှိတယ်လို့လည်း Amnesty ကပြောပါတယ်။

XS
SM
MD
LG