သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံရုံးတိုက်ခိုက်ခံရမှု စုံစမ်းဖော်ထုတ်ရေး လစ်ဗျား အမေရိကန် ပူးပေါင်းဆောင်ရွက်မည်


လစ်ဗျားက အမေရိကန်နိုင်ငံ သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အမေရိကန်ရေတပ် Destroyer အမျိုးအစား ဖျက်သင်္ဘောနှစ်စီးစေလွှတ်လိုက်ပါပြီ။
လစ်ဗျားက အမေရိကန်နိုင်ငံ သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အမေရိကန်ရေတပ် Destroyer အမျိုးအစား ဖျက်သင်္ဘောနှစ်စီးစေလွှတ်လိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က ဂျူးအနွယ်ဖွား ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက အပျော်တမ်းရိုက်ကူးပြီး Youtube website မှာ တင်ထားတဲ့၊ အစ္စလမ်ဘာသာရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ တမန်တော် မိုဟာမက်ကို လှောင်ပြောင်စော်ကား ထားတယ်လို့ စွတ်စွဲခံထားရတဲ့ The Innocence of Muslims ဆိုတဲ့ ဗီဒီယိုရုပ်ရှင် ဟာ၊ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီးတော့ တာဝန်မဲ့စွာ ရိုက်ကူးထားတာကြောင့် အပြင်းအထန် ပြစ်တင်ရှုံ့ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရုပ်သံလွှင့်ပြီး ကြေညာနေတာကို အခုကျနော်တို့ သတင်းကြေငြာနေစဉ်မှာ တွေ့ရပါတယ်။

ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတော့ အမေရိကန်အစိုးရက လက်မခံဘူးလို့ လည်း ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။ အစ္စလမ်မစ် စစ်သွေးကြွတွေလို့ မသင်္ကာရသူတွေက၊ လစ်ဗျားနိုင်ငံ ဘင်ဂါဇီ (Bengazi) မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးမှာ ဒီဗီဒီယိုရုပ်ရှင်ကို အကြောင်းပြုပြီးတော့ အမေရိကန်သံအမတ်ကြီး နဲ့ ဝန်ထမ်းသုံးဦးတို့ သေဆုံးသွားရတဲ့အထိ တိုက်ခိုက်ခဲ့မှုကို စုံစမ်းစစ်ဆေးရေး အတွက်၊ အမေရိကန်နဲ့ လစ်ဗျားအစိုးရတို့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြ ဖို့ သဘောတူညီခဲ့ကြပါတယ်။

စက်တင်ဘာ (၁၂)နေ့ညပိုင်းက အမေရိကန်သမ္မတ ဘရက်(ခ်)အိုဘားမား (Barack Obama) က၊ လစ်ဗျား အမျိုးသားလွှတ် တော်ရဲ့ ဥက္ကဋ္ဌ မိုဟာမက် မာဂါရီရက်ဖ် (Mohamed Magarief) ဆီကို ဖုံးဆက်ပြီးတော့ ခုလို သဘောတူညီခဲ့ကြတာလို့၊ သမ္မတအိမ်ဖြူတော်က ကြေညာခဲ့ ပါတယ်။ လစ်ဗျားဆိုင်ရာ အမေရိကန်သံအမတ်ကြီး သေဆုံးခဲ့တာနဲ့ ဘင်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရတာတွေအတွက်၊ လစ်ဗျား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သမ္မတ အိုဘားမားကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်က အမေရိကန်သံရုံးရှေ့မှာ ဆက်ပြီး ဖြစ်ပေါ်နေတဲ့ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း၊ အီဂျစ်က အမေရိကန်သံရုံးနဲ့ အမေရိကန်ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် အီဂျစ်အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့ မလွဲမသွေ ပူးပေါင်းဆောင်ရွက်ရမယ်လို့၊ သမ္မတ အိုဘားမားက အီဂျစ်သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ဆီကိုလည်း ဖုံးဆက်ပြီးပြောကြားခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ (၁၃)ရက်နေ့မှာ၊ ကိုင်ရိုမြို့က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ လူငယ် (၂၀၀) လောက်ကို အီဂျစ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခံကြပါတယ်။

လစ်ဗျားနိုင်ငံ ဘင်ဂါဇီ မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံ-ခဲ့ရတာကြောင့် လစ်ဗျားက အမေရိကန်နိုင်ငံ သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အမေရိကန်ရေတပ် Destroyer အမျိုးအစား ဖျက်သင်္ဘောနှစ်စီး၊ အကြမ်းဘက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့တစ်ဖွဲ့နဲ့ FBI က စုံစမ်းစစ်ဆေးရေး အရာရှိတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို အမေရိကန်အစိုးရက လစ်ဗျားနိုင်ငံကို စေလွှတ်ထားပါတယ်။
XS
SM
MD
LG