သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားတိုက်ခိုက်မှု အမေရိကန်သံအမတ်ကြီးနဲ့သံဝန်ထမ်း ၃ ဦး သေဆုံး


ဘန်ဂါဇီမြို့ရှိ မီးလောင်နေသည့် အမေရိကန် သံရုံး နောက်ခံနှင့် ဆန္ဒပြသူတဦး။ ပုံ၏ ယာအပေါ်ထောင့်တွင်တွေ့ရသည်မှာ သေဆုံးသွားသည့် အမေရိကန်သံအမတ်ပုံဖြစ်ပါသည်။ စက်တင်ဘာ ၁၁၊ ၂၀၁၂
ဘန်ဂါဇီမြို့ရှိ မီးလောင်နေသည့် အမေရိကန် သံရုံး နောက်ခံနှင့် ဆန္ဒပြသူတဦး။ ပုံ၏ ယာအပေါ်ထောင့်တွင်တွေ့ရသည်မှာ သေဆုံးသွားသည့် အမေရိကန်သံအမတ်ပုံဖြစ်ပါသည်။ စက်တင်ဘာ ၁၁၊ ၂၀၁၂
လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ဆန္ဒပြ လူအုပ်ကြီးက အတင်း ဝင်ပြီး တိုက်ခိုက်တဲ့အတွက် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းသုံးဦးတို့ သေဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ပြောကြပါတယ်။ အမေရိကန်နိုင်ငံသားတဦး စီစဉ်ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုမှာ တမန်တော် မိုဟမ်မက်ဒ်ကို လှောင်ပြောင်ထားတယ်ဆိုတာအပေါ် ဒေါသထွက်သူတွေက အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေအပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အစ္စလာမ်ဝါဒီတွေရဲ့ တမန်တော်မိုဟမ်မက်ဒ်အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုဇာတ်လမ်းတိုတခုကို ကန့်ကွက်တဲ့အနေ နဲ့ ဆန္ဒပြလူအုပ်ကြီးက လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို အတင်းဝင်ပြီး တိုက်ခိုက်ခဲ့တာကြောင့် သံအမတ်ကြီးနဲ့သံရုံးဝန်ထမ်းတွေ သေဆုံးခဲ့ကြရတာပါ။ ဆန္ဒပြလူအုပ်က များလွန်းတာကြောင့် သံရုံးဝင်းကို စောင့်ကျပ်နေတဲ့ လစ်ဗျားလုံခြုံရေးတပ်ဖွဲ့တွေ မထိန်းနိုင်ဘဲဖြစ်ခဲ့ရပါတယ်။ တိုက်ခိုက်သူတွေဟာ သံရုံးထဲက ပစ္စည်းတွေကို လုယူကြပြီးတဲ့ နောက် အဆောက်အဦးကို မီးတင်ရှို့ခဲ့ပါတယ်။

“တမန်တော် မိုဟမ်မက်ဒ်ကို ထိပါး စော်ကားတာ ကြောင့် လူတွေက အရမ်းဒေါသထွက်နေကြတာပါ။ အမေရိကန်တွေက အခြေအနေကို အင်မတန်ဆိုးရွားအောင် လုပ်တယ်လို့ လူတိုင်းက ထင်ကြပါတယ်။ သူတို့ရဲ့တမန်တော်နဲ့ပတ်သက်ပြီး မဟုတ်တမ်းတရားပြောတာမျိုးကို လစ်ဗျားတွေက မကြိုက်ကြ ပါဘူး။ တမန်တော် မိုဟမ်မက်ဒ်ဟာ အိုဆာမာ ဘင်လာဒင် မဟုတ်ပါဘူး၊ သူဟာ တခြားလူတယောက်ယောက် မဟုတ်ပါဘူး၊ သူဟာ ကျနော်တို့ရဲ့ တမန်တော်ပါ။ သူဟာ လောကမှာ အကောင်းဆုံး လူသားပါ။ ဒါကြောင့် အဲဒီဗွီဒီယိုကို ရပ်ပစ်ဖို့ ကျနော်တို့ မှာ အခွင့်အရေးရှိရပါမယ်။ ဒီရုပ်ရှင်ကို ရပ်ပစ်ဖို့က ကျနော်တို့ရဲ့မျှော်လင့်ချက်၊ အမေရိကန်နဲ့ကျနော်တို့ကြားက ဆက်ဆံရေး ဖြစ်ပါတယ်။”

ဒေါသထွက်နေတဲ့ ဘန်ဂါဇီမြို့ခံ ဆန္ဒပြသူတဦးပြောသွားတာပါ။
လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အပေါ် အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချထားတဲ့ ကြေညာ ချက်တခုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်ခဲ့ပါတယ်။

ဘန်ဂါဇီက သံရုံးကို ဝင်မတိုက်ခင် နာရီပိုင်းမှာ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က အခိုင်အမာ ကာရံထားတဲ့ အမေရိကန်သံရုံးကို ဆန္ဒပြ သူတွေက ကျော်ဝင်ပြီး အမေရိကန်အလံတခုကို အစ္စလာမ်မစ်စာတမ်းပါ ဘန်နာကြီးတခုနဲ့ လဲပြီးတော့ ချိတ်ဆွဲခဲ့ကြပါတယ်။

“ရှေးဟောင်းအီဂျစ်လူမျိုးတွေကနေ ဆင်းသက်လာတဲ့ အီဂျစ်လူမျိုးတဦးအဖြစ် ကျမ ဒီနေရာ ကိုရောက်လာတာပါ။ ကျမရဲ့ မူစလင်အကိုတော်တွေနဲ့ သွေးစည်းညီညွတ်တယ်ဆိုတာကို ပြသဖို့ ကျမ ဒီနေရာမှာ ဆက်နေ သွားမှာပါ။ တမန်တော်မိုဟမ်မက်ဒ်အပေါ် ရှင်တို့နိုင်ငံက ဒီလိုစော်ကားတာမျိုးကို ရှင်တို့ရဲ့ အိုဘားမားက ခွင့်ပြုတာဟာ ရှက်ဖွယ်လုပ်ရပ်ပါပဲ။”

အစွန်းရောက်ရှေးရိုးအစ္စလမ်မ်မစ်ဝါဒီတွေ အများစုဖြစ်ကြတဲ့ ကိုင်ရိုမြို့က ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ဇာတ်လမ်းတိုကို အစ္စရေးလ်နိုင်ငံဖွား အမေရိကန်နိုင်ငံသားတဦးက ရိုက်ကူးထုတ်လုပ်ပြီး ပြည်ပရောက် အီဂျစ်နိုင်ငံ သားCoptic ခရစ်ယာန်ဘာသာဝင် လူနည်းစုတချို့က ရန်ပုံငွေ ထောက်ပံ့ခဲ့ကြတာပါ။ အင်္ဂလိပ်ဘာသာ အာရေးဗစ်ဘာသာ စကားတွေနဲ့ ပြောထားတဲ့ ဇာတ်လမ်းကောက်နှုတ်ချက်ကို YouTube အင်တာနက်ဗွီဒီယိုစာမျက်နှာမှာ တင်ထားပါတယ်။

အငြင်းပွားဖွယ် အမေရိကန်ခရစ်ယာန်ဘုန်းကြီးတဦးဖြစ်တဲ့ Terry Jones က အဲဒီဗွီဒီယိုကို ထောက်ခံ ကြော်ညာပေးနေပါ တယ်။ သူဟာ ကိုရမ်ကျမ်းစာအုပ်တွေကို မီးတင်ရှို့မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးတာကြောင့် ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေတုန်းက အာဖဂန်နစ္စတန်မှာ လူသေတဲ့အထိ အဓိကရုဏ်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ နောက်တော့ သူ့ရဲ့ဘုရားကျောင်းမှာ ကိုရမ်ကျမ်း စာအုပ်တအုပ်ကိုပဲ မီးရှို့ခဲ့သူပါ။

ဒီလို အကြမ်းဖက်တဲ့လုပ်ရပ်မျိုး လုပ်ရတာဟာ အင်တာနက်ပေါ်မှာတင်ထားတဲ့ ရန်စလှုံ့ဆော်တဲ့ ဗွီဒီယိုတခုကို တုန့်ပြန်တာ ဖြစ်တယ်ဆိုပြီး လူတချို့က အကြောင်းပြကြတယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။ တပါးသူရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအပေါ် မဟုတ်မတရား အပုပ်ချဝေဖန်တဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်လို လုပ်ဆောင်မှုမျိုးကိုမဆို အမေရိကန် ပြည်ထောင်စုက ပြစ်တင် ရှုတ်ချသွားမှာဖြစ်တယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။

အခုသေဆုံးသွားတဲ့ အမေရိကန်သံအမတ်ဟာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မေလကမှ ခန့်အပ်ခံခဲ့ရ တာပါ။ လစ်ဗျားနိုင်ငံမှာ အရင်တုန်းက ရာထူးတာဝန်နှစ်ခု ထမ်းဆောင်ခဲ့ဖူးပြီး ဒီ့မတိုင်ခင်က အစ္စရေးလ်၊ အီဂျစ်နဲ့ ဆော်ဒီ အာရေးဘီးယားနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
XS
SM
MD
LG