သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထောင်ချမှုတွေ ကန်သံရုံးစိုးရိမ်


ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်တဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတဲ့အပေါ် အမေရိကန်က သတိပေးလိုက်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက် ဖမ်းဆီးနေပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရတဲ့အပေါ် စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီမိုကရေစီ အခြေခံတွေဖြစ်တဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်တွေဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့လည်း ပြောပါတယ်။

အထူးသဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ အားလုံးပါဝင်နိုင်ခွင့်ရှိဖို့၊ အများယုံကြည်လက်ခံနိုင်မှုတွေကို တိုင်းတာရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိဖို့ဟာ အရေးကြီးတယ်လို့လည်း ကြေညာချက်က သတိပေးခဲ့တာပါ။

ဒီအတွက် မြန်မာအာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ ဒီမိုကရေစီ အခြေခံလွတ်လပ်ခွင့်တွေကို အာမခံနိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဒီအတောအတွင်း ရန်ကုန်မြို့မှာပဲ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ဇွန်လ ၃၀ ရက်နေ့တုန်းက ကြိုတင်ခွင့်ပြုချက်မယူပဲ ဆန္ဒပြခဲ့မှုနဲ့ ပုဒ်မ ၁၈၊ ဆန္ဒထုတ်ဖော်ချိန်အတွင်း ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အတွက် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံထားရတဲ့ သူတို့နှစ်ဦးကိုတော့ ဒီကနေ့ပဲ ပန်းဘဲတန်းနဲ့ ကျောက်တံတား တရားရုံးတို့မှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG