သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြန်မာ ဆက်ဆံရေး အရေးပေါ် အဆင့် ဆက်ထားမည်


အမေရိကန်သမ္မတနဲ့ အရှေ့တောင်အာရှ လူငယ်များ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ တွင် တွေ့ဆုံ။
အမေရိကန်သမ္မတနဲ့ အရှေ့တောင်အာရှ လူငယ်များ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ တွင် တွေ့ဆုံ။

အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အရေးပေါ်အဆင့်မှာ ဆက်လက် ထားသွားဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က သောကြာနေ့မှာ ကြေညာ ပါတယ်။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိထားပြီးတော့ ပြုပြင်ပြောင်း လဲရေးကြိုးပမ်းမှုတွေကို ဆက်ပြီး အားပေးထောက်ခံ သွားမယ်လို့ ဆိုပေမဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက် ဖြစ်နေသေးတာကြောင့် ဆက်ဆံရေးကို အခုလို အရေးပေါ်အဆင့် ဆက်ပြီးထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲမှာ သမ္မတ ဘရာ့ခ် အိုဘားမားက ပြောထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

၁၉၉၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့က အဲဒီအချိန် သမ္မတ ဘီလ် ကလင်တန် လက်ထက်မှာ သမ္မတရဲ့အမိန့်ကြေညာစာ ထုတ် ပြန်ပြီး သတ်မှတ်ထားတဲ့ နှစ်နိုင်ငံဆက်ဆံရေး အရေးပေါ်အဆင့်ဆိုတာကို လက်ရှိသမ္မတ ဘရာ့ခ် အိုဘားမားက နောက်ထပ် တနှစ် သက်တမ်းထပ်တိုးလိုက်တာပါ။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိထားတယ်ဆိုတာကို သမ္မတအိမ်ဖြူတော်ရဲ့ မေလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ အကျယ်တဝံ့ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း အထူးသဖြင့် တိုင်းရင်းသား လူနည်းစုဒေသ တွေနဲ့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် စိုးရိမ်မှုတွေ ဆက်ရှိနေတာ၊ မြန်မာ စစ်ဘက်ဟာ အရပ်သားအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ မရှိသလောက်ဖြစ်နေပြီး အပြစ်ပေး အရေးယူမခံရဘဲ လုပ်ဆောင်တာ မျိုးတွေ မကြာခဏ ဆက်ဖြစ်နေတာ စတဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကို အရေးပေါ်အဆင့်မှာ ဆက်ပြီး သတ်မှတ်သွားဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မစ္စတာအိုဘားမားက ပြော ထားပါတယ်။

ဒီလို အရေးပေါ်အဆင့် ဆက်ပြီးသတ်မှတ်ပေမဲ့လည်း သက်ရောက်မှု တစုံတရာရှိလာလိမ့်မယ်လို့ မမြင်သူကတော့ ဝါရှင်တန် အခြေစိုက် Brookings Institute က မြန်မာ့အရေးသုတေသီ Lax Rieffel ပါ။

“အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးအရ ပြောမယ်ဆိုရင် ဒီကြေညာချက်ဟာ လက်တွေ့အားဖြင့် သက်ရောက်မှု သိပ်ကိုနည်းတယ်လို့ ကျနော်ယုံကြည်ပါတယ်။ သမ္မတအိမ်ဖြူတော်အဖို့ ဒီကြေညာချက်ဟာ ဒဏ်ခတ်အရေးယူမှု ဆက်ရှိနေသေးတယ်ဆိုတာကို ပြသရေး အမေရိကန်ဥပဒေအရ လုပ်ဆောင်ဖို့ လိုအပ်ချက်တခုဖြစ်တယ်ဆိုတာကို နားလည်ဖို့ရာ အရေးကြီးပါတယ်။”

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လုံး၀ ရုပ်သိမ်းလိုက်သေးတာမဟုတ် ဘဲ ဆိုင်းငံ့ထားတာသာ ဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး အရေးပေါ်အဆင့်သတ်မှတ်ထားတာကို ဆက်ပြီး သက်တမ်း တိုးဖို့ ဥပဒေအရ လိုအပ်တာပါ။

မြန်မာနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွေကျင်းပဖို့ ရှိနေချိန်မှာပဲ နှစ်နိုင်ငံကြားဆက်ဆံရေးကို အရေးပေါ်အဆင့်မှာ ဆက်ပြီး ထားသွားဖို့ အမေရိကန်ပြည်ထောင်စုဘက်က ကြေညာတာပါ။ ဒါဟာ ကျင်းပမယ့်ရွေးကောက်ပွဲတွေ ဘယ်လိုအခြေ အနေရှိမယ် ဆိုတာ စောင့်ကြည့်ချင်တဲ့သဘော၊ ရွေးကောက်ပွဲတွေကနေ ပေါ်ထွက်လာမယ့်အစိုးရဟာ ဘယ်လိုအစိုးရမျိုး ဖြစ်မယ် ဆိုတာ စောင့်ကြည့်ချင်တဲ့ သဘောလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။

ဒီလို အရေးပေါ်အဆင့်ဆက်ဆံရေး သတ်မှတ်ချက်ကို ရွေးကောက်ပွဲတွေ ကျင်းပပြီးလို့ အခုတိုးထားတဲ့သက်တမ်း တနှစ်ပြည့်ပြီး တဲ့နောက် ရုပ်သိမ်းမလားဆိုတာကတော့ လောလောဆယ် မပြောနိုင်သေးဘဲ ရွေးကောက်ပွဲ ဘယ်လိုအခြေအနေရှိမယ်၊ ရွေး ကောက်ပွဲပြီးတဲ့နောက် ဘယ်လိုအစိုးရမျိုး တက်လာမယ်ဆိုတဲ့အပေါ်မှာ လုံး၀ မှီတည်နေတယ်လို့ မစ္စတာ Rieffel က သုံးသပ်ပါ တယ်။

“ကျနော်ပြောနိုင်တာကတော့ အခုကနေ နောက်တနှစ် အကြာမှာ ပေါ်လာမယ့် အစိုးရဟာ သန့်ရှင်းတဲ့အစိုးရ၊ ပိုပြီး ကောင်းမွန်တဲ့အစိုးရ၊ လူ့အခွင့်အရေး အခြေအနေ ကျေနပ်စရာကောင်းလောက်အောင် လုပ်တဲ့အစိုးရမျိုး ဖြစ်မယ်ဆိုရင်တော့ နှစ်နိုင်ငံဆက်ဆံရေးကို ဒီလို အရေးပေါ်အဆင့် ထားရှိရေး ရုပ်သိမ်းနိုင်ခြေရှိပါတယ်။”

အခုလို လုပ်ဆောင်လိုက်ပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ဆက်ပြီး အားပေးထောက်ခံသွားဖို့နဲ့ ခိုင်မာအားကောင်းစေဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သန္နိဋ္ဌာန်အခိုင်အမာရှိပါတယ်လို့ အိမ်ဖြူတော်ကြေညာချက်က ဆိုပါ တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခိုင်မာစေဖို့နဲ့ နောက်ကြောင်းပြန်မလှည့်နိုင်စေရေး သေချာစေဖို့ အစိုးရနဲ့ရော မြန်မာ လူထုနဲ့ပါ ဆက်ပြီး လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG