သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ မှာ Peace Corps အစီအစဉ် စတင်မည်


Peace Corps အမှတ်တံဆိပ်။
Peace Corps အမှတ်တံဆိပ်။

အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps လို့ခေါ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အားပေး အစီအစဉ် တရပ်ကို မြန်မာနိုင်ငံမှာ ထူထောင်သွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။ ဒါဟာဖြင့် တချိန်က အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပြန်ပြီး ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်က ချဲ့ထွင် လုပ်ဆောင်နေတာ တွေထဲမှာ နောက်ဆုံး ထွက်လာတဲ့နည်းလမ်းပါ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့သန္နိဋ္ဌာန်ကို အကောင်းဆုံးဖော်ပြဖို့ရာ ဒီလိုမျိုး အောက်ခြေအဆင့်မှာ လူထုအချင်းချင်း ဆက်သွယ် လုပ်ဆောင်တာမျိုးကနေ တဆင့် ဖော်ပြတာထက် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူးလို့ အမေရိကန် သမ္မတအိမ်ဖြူ တော်ရဲ့ ထုတ်ပြန်ချက်တခုထဲမှာ ဖော်ပြထားပါတယ်။

Peace Corps လုပ်အားပေး ပထမဆုံးအသုတ်ဟာ ၂၀၁၅ ခုနှစ် နှောင်းပိုင်း မြန်မာနိုင်ငံဆီ ရောက်လာမှာဖြစ်ပြီး သုံးလကြာ သင်တန်းပြီးဆုံးပြီးတဲ့နောက် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ကြပါမယ်။

ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေ တက်ပြီး မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ သမ္မတ ဘရာ့ခ် အိုဘားမား မြန်မာနိုင်ငံဆီ ရောက်နေချိန်မှာပဲ ဒီ Peace Corps အစီအစဉ် ကြေညာချက် ထွက်လာတာပါ။

Peace Corps အစီအစဉ်ကို ၁၉၆၁ ခုနှစ်မှာ စတင် ထူထောင်ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ကမ္ဘာတဝန်း လုပ်အားပေး ပေါင်း ၂၂၀,၀၀၀ နီးပါးကို စေလွှတ်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးလိုကဏ္ဍတွေမှာ ကူညီ လုပ်ဆောင်ပေးကြပါတယ်။ ဒီ အစီအစဉ်ရဲ့ ရည်မှန်းချက်တစိတ်တပိုင်းကတော့ အမေရိကန်လူထုနဲ့ တခြားနိုင်ငံတွေက လူထုတွေအကြောင်း နားလည်မှု ပိုရလာ စေဖို့ပါ။

မြန်မာနိုင်ငံဟာ Peace Corps အစီအစဉ်မှာ ပါဝင်တဲ့ ၁၄၁ ခု မြောက် နိုင်ငံ ဖြစ်လာ ပါမယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား အားကောင်းတဲ့ ပူးတွဲ လုပ်ဆောင်မှုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိနေတာကို ဒီအစီအစဉ်က နောက်ထပ် သက်သေပြလိုက်တာဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG