သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်လေဘေးကူညီဖို့ ကန်လေယာဉ်တင်သင်္ဘော စေလွှတ်


ဖိလစ်ပိုင်နိုင်ငံမှာ ကမ္ဘာ့အပြင်းဆုံးတွေထဲက တခုဖြစ်တဲ့ မုန်တိုင်းရဲ့ဒဏ် ခံနေရသူတွေကို တိုးမြှင့်ကူညီဖို့ အမေရိကန် လေယာဉ်တင် စစ်သင်္ဘောကြီးတစီးကို ဒီနေ့စေလွှတ်လိုက်ပါပြီ။

လူပေါင်း ၁ သောင်းပတ်ဝန်းကျင် သေဆုံးခဲ့နိုင်တယ်လို့ ဖိလစ်ပိုင်အရာရှိတွေ ခန့်မှန်းထားတဲ့ ဒီဖိလစ်ပိုင်သမိုင်းမှာ အပြင်းထန်ဆုံးတခုဖြစ်တဲ့ ဒီမုန်တိုင်းကျအပြီး ၄ ရက်မြောက်နေ့ ဒီနေ့မှာ အကူအညီ မပို့နိုင်သေးတဲ့ ဒေသတချို့ ရှိနေပါသေးတယ်။

ဒီပြင်းထန်တဲ့မုန်တိုင်းကြောင့် ၆ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရကာ လူပေါင်းများစွာဟာ ရေ၊အစာနဲ့ဆေးဝါးတွေ ပြတ်လတ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီအတွက် အထူးဝမ်းနည်းကြေကွဲရကြောင်းနဲ့ နိုင်ငံတကာအကူအညီတွေ အမြန်ဆုံးတိုးမြှင့်ပေးကြဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာဘက်ကလည်း အခုလို အကူအညီတွေ အမြန်ဆုံးရောက်ဖို့ ကြိုးပမ်းနေရာမှာ အမေရိကန်ရဲ့ ပထမဆုံး ထောက်ပံ့ရေး စစ်လေယာဉ် ၂ စီးဟာ ကယ်ဆယ်ရေး လုပ်သားတွေနဲ့အတူ မနေ့ကပဲ မနီလာမြို့ကနေ အပျက်အစီးဒဏ် အများဆုံးခံခဲ့ရတဲ့ Tacloban မြို့ကို ဆိုက်ရောက်ခဲ့ပြီး ရေ၊ အစားအစာ၊ လျှပ်စစ်မီးစက်တွေနဲ့ အခြား အရေးပေါ်ပစ္စည်းတွေ ပို့ပေးခဲ့ပါတယ်။

ဒီတိုင်ဖုန်းမုန်တိုင်းမှာ လမ်းပန်းဆက်သွယ်ရေးတွေ အတော်ကြီး ထိခိုက်ခဲ့တာကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေကို အတော်လေး ထိခိုက်နှေးကွေးခဲ့ရာကနေ၊ အခုတော့ အမေရိကန်အပြင် သြစတျေးလျနိုင်ငံကပါ ကယ်ဆယ်ရေးလုပ်သားတချို့ အပျက်အစီးဒေသတွေကို စတင်ရောက်ရှိလာတာကြောင့် အကူအညီပေးမှုတွေ အရှိန် စရလာပါပြီ။

အမေရိကန်အနေနဲ့ ဒီမုန်တိုင်း ကယ်ဆယ်ထောက်ပံ့ရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ဖိုး အကူအညီတွေ ပေးသွားမယ်လို့ ဆိုနေပါတယ်။

ခုလိုအချိန်မှာ ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့လည်း ဖိလစ်ပိုင်နဲ့ တောင်တရုတ်ပင်လယ်တွင်း နယ်မြေပိုင်ဆိုင်မှု ပြဿနာဖြစ်နေပေမဲ့၊ လူသားချင်းဆိုင်ရာ အကူအညီပေးဖို့ကို အဟန့်အတား မဖြစ်သင့်ဘူးလို့ တရုတ်သတင်းစာတစောင်က ထောက်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးကြီးဌာနက အမေရိကန်ဒေါ်လာ ၁ သိန်း ထောက်ပံ့ဖို့ ရှိတယ်လို့ မနေ့ကပဲ ကြေညာလိုက်ပြီး၊ တရုတ်ကြက်ခြေနီအဖွဲ့ကလည်း
နောက်ထပ် ဒေါ်လာ ၁ သိန်း ထောက်ပံ့ပေးမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အခုပေးတဲ့ ပမာဏဟာ အရင်တရုတ်က ဖိလစ်ပိုင် အပါအဝင် အခြား အခုလို အရေးပေါ်ကူညီမှုတွေနဲ့စာရင် နည်းလွန်းတယ်လို့ ဒီတရုတ်သတင်းစာက
ဝေဖန်ထောက်ပြခဲ့ပါတယ်။
XS
SM
MD
LG