သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးသစ်ခန့်အပ်


အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသစ် Daniel Russell
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသစ် Daniel Russell
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒန်နီယယ် ရတ်စဲလ် (Daniel Russell) ကို ခန့်အပ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အသွင်ကူပြောင်းမှု ဖြစ်စဉ်တလျှောက်လုံးမှာ သူ့အနေနဲ့ နီးနီးကပ်ကပ် စောင့်ကြည့်နေသူ ဖြစ်ပါတယ်လို့ မနေ့ တနင်္လာနေ့တုန်း သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အားကျစရာနဲ့ အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းပြီးတော့ သမိုင်းမှာလည်း အရေးပါတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ဖို့ ကူညီ ဆောင်ရွက်တဲ့ နေရာမှာ အခန်းကဏ္ဍ အနည်းအကျဉ်းမှာ ကျနော် ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိစ္စကို ကျနော့်အနေနဲ့ အနီးကပ်ကို စောင့်ကြည့်ခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နေပြည်တော်နဲ့ ရန်ကုန်သွားစဉ်ကလည်း အတူပါသွားခဲ့ပြီးတော့ အခြေအနေတွေကို အဲ့ဒီမှာ မျက်မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သမ္မတ အိုဘားမား ရန်ကုန်သွားတော့လည်း ကျနော် ပါသွားခဲ့ပြီးတော့ အဲ့ဒီမှာတော့ ပိုပြီးတော့ စိတ်လှုပ်ရှားစရာတွေ တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်း အသွင်ကူးပြောင်းရေးမှာ အတော့်ကို အရေးကြီးတဲ့ တိုင်းပြည်ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ ဒေသအတွင်းမှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ အင်မတန်မှ အရေးကြီးတဲ့ နိုင်ငံဖြစ်တယ်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ ဒီရာထူးကို မယူခင်မှာ သူဟာ အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးဌာန အာရှရေးရာ အထူးကြံပေး ပုဂ္ဂိုလ်အဖြစ် ၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သမ္မတအိုဘားမားရဲ့ အာရှ ပစိဖိတ်ဒေသအပေါ် ဗျူဟာမြောက် ချိန်ခွင်လျှာညှိ ဆက်ဆံရေးကို ကူညီ အကောင်အထည် ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို ရာထူးတာဝန် ပေးအပ်ဖို့ ကြားနာပွဲကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အရင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကဒ် ကန်းဘဲလ် (Kurt Campbell) ရဲ့ နေရာမှာ ဒန်နီယယ် ရတ်စဲလ် (Daniel Russell) ကို ဇူလိုင်လ ၁၂ ရက်နေ့က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG