သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ပြန်အရွေးခံရလို့ မြန်မာနဲ့ဆက်ဆံရေး အပြောင်းအလဲရှိမလား


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယခင်တာဝန်ခံ Priscilla Clapp
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယခင်တာဝန်ခံ Priscilla Clapp
အမေရိကန်သမ္မတ အိုဘားမား ပြန်လည် အရွေးခံလိုက်ရတာကြောင့် မြန်မာနိုင်ငံ
အတွက် အမေရိကန် မူဝါဒတွေ ထူးထူးခြားခြား ပြောင်းလဲဖွယ် မမြင်ပေမယ့်၊ နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲရှိလာရင်တော့ မြန်မာနိုင်ငံအပေါ် ထိစပ်ကိုင်တွယ်မှုပိုင်းမှာ အနည်းငယ်ပြောင်း လာဖွယ်ရှိတယ်လို့ ယခင် မြန်မာနိုင်ငံဆိုင်ရာ သံရုံး ယာယီ တာဝန်ခံလုပ်ခဲ့ဖူးတဲ့ Priscilla clapp က သုံးသပ်ပါတယ်။ တချိန်တည်း နိုင်ငံခြားရေး ဝန်ကြီးပြောင်းမယ် ဆိုရင် နိုင်ငံခြားရေးဌာနက အကြီးတန်းသံတမန်တွေလည်း အပြောင်းအလဲရှိနိုင်တယ်လို့ ယူဆပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

သမ္မတအိုဘားမား ပြန်ပြီး ရွေးချယ်ခံရတာကြောင့် မြန်မာအပေါ်ထားတဲ့ အမေရိကန်မူဝါဒကတော့ အပြောင်းအလဲတော့ ရှိနိုင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီ တာဝန်ခံလုပ်ခဲ့ဖူးတဲ့ Priscilla clapp က ယူဆပါတယ်။ ဒါပေမယ့်လည်း သမတအိုဘားမားရဲ့ အခု ဒုတိယသမ္မတသက်တမ်းမှာ နိုင်ငံခြားဆက်ဆံရေးမှာ အရေးကြီးတဲ့အပြောင်းအလဲတခုတော့ ရှိနိုင်တယ်လို့ သူက ယူဆပါတယ်။

“သမ္မတအိုဘားမား ပြန်အရွေးချယ်ခံရပေမယ့်လို့လည်း အရေးကြီးတဲ့ ကိစ္စတရပ် ကတော့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်အနေနဲ့ ဘယ်အချိန်ကာလ အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ဆက်ယူနေမလဲဆိုတာပါ။ အရင်တုန်းကတော့ သူ့အနေနဲ့ သက်တမ်း တခုမှာပဲ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူမယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီသက်တမ်း ကာလဟာ သူ နောက်ဆုံးဖြစ်နိုင်ပါတယ်။ နောက်နှစ်ဆန်းလောက် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် နိုင်ငံခြားရေးဌာနက ထိပ်ပိုင်းအရာရှိတွေ အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ ဥပမာဆိုရင် အာရှ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကဒ် ကန်ဗယ်ဆိုရင်လည်း တနေရာရာကို ပြောင်းသွားနိုင်ပါတယ်။”

ဒီလိုမျိူး နိုင်ငံခြားရေးဌာန အကြီးတန်းသံတမန်တွေ အပြောင်းအလဲဖြစ်လာရင် မြန်မာအနေနဲ့ သံတမန်သစ်တွေကို ထိစပ်ရမယ့် အနေအထားတော့ ရှိလာပါတယ်။ လမ်းကြောင်း တခုလိုမျိူး ပြောင်းလဲဖို့ မရှိပေမယ့် ထိစပ်ကိုင်တွယ်တဲ့နေရာမှာတော့ အနည်းငယ် အသစ်အဆန်းဖြစ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

“သွားနေတဲ့လမ်းကြောင်းတော့ ပြောင်းသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လာမယ့် နိုင်ငံခြားရေးဝန်ကြီးသစ်အနေနဲ့ကတော့ ဒီမူဝါဒကို ပိုအားကောင်းအောင် လုပ်တဲ့နေရာမှာ မတူတဲ့အယူအဆ တမျိုး ရှိနိုင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နေရာမှာ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီနဲ့ အစားထိုးလိုက်တယ် ဆိုပါစို့။ ဒါ ဖြစ်နိုင်ချေတခုပါ။ သူမှာလည်း အတွေ့အကြုံတော့ရှိပါတယ်။ ကျမ မြန်မာနိုင်ငံမှာ သံရုံးယာယီ တာဝန်ခံအဖြစ် အမူထမ်းနေတုန်းက မြန်မာနိုင်ငံကို လာဖူးပါတယ်။ သူမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် စိတ်အားထက်သန်မှုရှိပါတယ်။ သူသာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ရင်တော့ မနှေးအမြန် မြန်မာနိုင်ငံကို သွားမှာပါ။ ”

အခုလိုမျိုး အခြေအနေမျိုးရှိပေမယ့်လို့လည်း သမ္မတအိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံ သွားရောက်မယ့် အခြေအနေဖြစ်လာရင်တော့ မြန်မာအပေါ် လက်ရှိ အမေရိကန်ရဲ့မူဝါဒ ပိုအားကောင်းလာအောင် လုပ်နိုင်မယ့် အခွင့်အလမ်းတော့ မြင်ထားတယ်လို့လည်း မစ္စစ် Priscilla Clapp ပြောပါတယ်။

“သမ္မတအိုဘားမားအနေနဲ့ မကြာခင် ကမ္ဘောဒီယားက အာဆီယံထိပ်သီးအစည်းအဝေးပွဲကို သွားရောက်ဖို့ရှိပါတယ်။ ဒါပြီးရင် မြန်မာနိုင်ငံကိုလည်း သွားရောက်မယ် လို့ မျှော်လင့်ရပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေကို ဆွေးနွေးတိုင်ပင်ကြမှာပါ။ သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ပိုင်အတွေ့အကြုံရှိထားသူဆိုတော့ လက်ရှိ အမေရိကန်မူဝါဒကို ပိုမို ခိုင်မာအားကောင်းလာအောင် လုပ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

ဒါကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယခင်တာဝန်ခံလုပ်ဖူးတဲ့ Priscilla Clapp ရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။

တနေ့တုန်းကတော့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဒဲရစ်မစ်ချဲလ်ကတော့ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါဒဟာ ပါတီနှစ်ရပ်စလုံး ထားတဲ့ တူညီတဲ့ သဘောထားဖြစ်တာမို့ အမေရိကန်မှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်တာတောင်မှ မြန်မာအပေါ် မူဝါဒကတော့ ပြောင်းမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ တောက်လျှောက်ဆိုသလို ဖိအားပေးတဲ့နည်းတနည်းနဲ့ပဲ ရပ်တည်ခဲ့တာပါ။ မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတွေဖြစ် ၊သမ္မတအိုဘားမားတက်လာပြီးနောက်မှ ထိစပ်ဆက်ဆံရေးနည်းလမ်းကို ပို ပြီးတော့ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG