သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတရွေးပွဲ အကြိတ်အနယ် မဲဆွယ်လှုပ်ရှား


ရီပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီ အိုဟိုင်းအိုး ပြည်နယ်မှာ မဲဆွယ် လှုပ်ရှားနေစဉ်။ (စက်တင်ဘာလ ၁ ရက် ၂၀၁၂)
ရီပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီ အိုဟိုင်းအိုး ပြည်နယ်မှာ မဲဆွယ် လှုပ်ရှားနေစဉ်။ (စက်တင်ဘာလ ၁ ရက် ၂၀၁၂)
ဒီသီတင်းပတ်ထဲမှာ ဒီမိုကရက်တစ် ပါတီက မြောက်ကာရိုလိုင်းနား ပြည်နယ် ရှားလော့ (Charlotte) မြို့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတီညီလာခံ ကျင်းပဖို့ ပြင်ဆင်နေကြသလိုပဲ ဒီမိုကရက်တစ် ပါတီဝင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား (Barack Obama) ကရော သူ့ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း မစ်ရွန်မနီ (Mitt Romney) ကပါ တဘက်နဲ့ တဘက် အပြစ်တွေ ထောက်ပြပြီး မဲဆွယ် နေကြပါတယ်။

ပါတီ နှစ်ရပ်စလုံးက အမေရိကန်ပြည်ထောင်စုမှာ သူပြိုင်ကိုယ်ပြိုင် အနိုင်ကျဲရမယ့် ပြည်နယ်တွေ အတွက် စနေနဲ့ တနင်္ဂနွေ နေ့တွေမှာ မဲဆွယ်ခရီးတွေ ထွက်နေကြတာပါ။ သမ္မတ အိုဘားမားက အိုင်အိုဝါ ပြည်နယ် (Iowa) နဲ့ ကော်လိုရာဒို (Colorado) ပြည်နယ်တွေကို သွားရောက် နေချိန်မှာပဲ မစ္စတာ ရော်မနီကတော့ အိုဟိုင်းအိုး (Ohio) နဲ့ ဖလော်ရီဒါ (Florida) ပြည်နယ်တွေမှာ လူထုဟောပြောပွဲတွေ လုပ်ပြီး မဲဆွယ်ခဲ့ကြပါတယ်။

သမ္မတ အိုဘားမားဟာ အမေရိကန်ပြည်သူ ၂၃ သန်းကို အလုပ်လက်မဲ့ ဒါမှမဟုတ် အလုပ်လက်မဲ့ နီးပါး ဖြစ်စေခဲ့ပြီး သူပြောခဲ့သလို အမေရိကန် စီးပွားရေးကို ပြန်နလံထူလာအောင် လုပ်မပေးနိုင်ခဲ့ဘူး လို့ မစ္စတာ ရော်မနီက ဝေဖန်လိုက်ပါတယ်။ သူကတော့ အမေရိကန်နိုင်ငံ အတွက် အလုပ်ပေါင်း ၁၂ သန်း ဖန်တီးပေးဖို့ ရှိပြီး စွမ်းအင်ဆိုင်ရာမှာ အမေရိကန် နိုင်ငံအနေနဲ့ သူများကို မှီခိုမနေရအောင် လုပ်ဆောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။

သမ္မတ အိုဘားမား ကတော့ မစ္စတာ ရော်မနီဟာ သူပြောနေကျ အမေရိကန် လူလတ်တန်းစားတွေ အတွက် ရပ်တည်ဖို့ မူဝါဒဟောင်းတွေကို ပြီးခဲ့တဲ့ အပတ် ရီပတ်ဘလစ်ကင်ပါတီ ညီလာခံမှာ လိုက်ပြောခဲ့ပေမဲ့ အခု လောလောဆယ် ထောင်နဲ့ချီတဲ့ အမေရိကန် တပ်သားတွေ တာလီဘန်တွေနဲ့ အာဖဂန်မှာ စစ်ပွဲ ဆင်နွှဲနေတာကိုတော့ တလုံးမှ မပြောခဲ့ဘူးလို့ သူ့ရဲ့ အိုင်အိုဝါ (Iowa) က မဲဆွယ်ပွဲမှာ ဝေဖန်လိုက်ပါတယ်။

သမ္မတအိုဘားမားရဲ့ ဒီမိုကရက်တစ် ပါတီ မဲဆွယ်ရေး တာဝန်ခံ David Axelrod ကတော့ သမ္မတဟာ အရင် ရီပတ်ဘလစ်ကန် ပါတီဝင်တွေ မလုပ်နိုင်ခဲ့တဲ့ အမေရိကန် လူလတ်တန်းစားတွေ အတွက် ဦးစားပေး လုပ်ဆောင်မှု အတွက် ပြတ်ပြတ်သားသား ထုတ်ဖော် ပြောဆိုဖို့ ရှိတယ်လို့ Fox သတင်းဌာနကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG