သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတတင်ပြမယ့် ၂၀၁၄ ခုနှစ် ရ/သုံးငွေစာရင်း


ဒီတပတ် ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း အဓိက ဆွေးနွေးဖွယ် ရှိနေတာတွေကတော့ ဧပြီလ ၁၀ ရက်နေ့မှာ ကြေညာမယ့် အမေရိကန်အစိုးရရဲ့ ၂၀၁၄ ခုနှစ် အသုံးစရိတ် ဘတ်ဂျက်စာရင်းနဲ့ ဝင်ငွေခွန် ကောက်ခံမှု ပြုပြင်ပြောင်းလဲရေး ကိစ္စတွေပဲဖြစ်ပါလိမ့်မယ်။

အမေရိကန်အစိုးရရဲ့ နှစ်စဉ်အသုံးစရိတ် တင်ပြမှုတွေကို လွှတ်တော်က သဘော မတူဘဲ အပြန်အလှန်ပြင်ဆင် ဆိုင်းငံ့ ထားရတာတွေဟာ အစဉ်အလာလို ဖြစ်နေ ပြီမို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာမယ့် သမ္မတအိုဘားမားရဲ့ ဘတ်ဂျက် အသုံးစရိတ် စာရင်းကိုလည်း လွှတ်တော်က သဘောမတူဘဲ ဆိုင်းငံ့ထားမယ် ဆိုတာကတော့ မလွဲှမသွေ ဖြစ်နေပါတယ်။ သမ္မတ အိုဘားမားကတော့ သူ့ရဲ့ ဘတ်ဂျက် တင်ပြမှုနဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်တွေဟာ အမေရိကန် ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချပြီး စီးပွားရေးကို ပြန်ပြီး ဦးမော့လာစေဖို့ ဦးတည်နေပါတယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ဘတ်ဂျက်လိုငွေပြမှုတွေကို လျှော့ချဖို့၊ စီးပွားရေး တိုးတက်လာစေရေး ရင်းနှီးမြှုပ်နှံမှုတွေကို ပိုလုပ်ဖို့ စတာတွေနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ နှစ်နဲ့ချီပြီး ငြင်းခုန် နေခဲ့ကြရပါတယ်။ အခု ကျနော်တင်ပြမယ့် ဘတ်ဂျက်ဟာ ဒီ ၂ ခုစလုံးအတွက် ဦးတည် ထားတာမို့ ငြင်းခုန်မှုတွေ ရပ်သွားစေပါလိမ့်မယ်- လို့ သမ္မတ အိုဘားမားက ပြောသွား တာပါ။

အစိုးရအသုံးစရိတ်လျှော့ချမှု၊ ပုဂ္ဂလိက လုပ်ငန်း ကော်ပိုရေးရှင်းတွေ ရဲ့အခွန်ငွေ လျှော့ပေါ့ပေးတာတွေကို ပြန်ပြီးတိုးမြှင့်ဖို့ စတာတွေ ပါဝင်လိမ့်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

တချိန်တည်းမှာပဲ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ လုပ်ငန်းအခြေခံ အဆောက်အအုံတွေမှာ ပိုပြီး ပံ့ပိုးပေး သွားဖို့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရီပတ်ဘလီကင် ပါတီဘက်ကတော့ ဒီတင်ပြချက်တွေကို အစောကြီးကတည်းက ပယ်ချ ထားခဲ့ပြီးသားပါ။ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘေနာကဆိုရင် သမ္မတ တင်ပြတဲ့ ဘတ်ဂျက်စာရင်းတွေဟာ ဘယ်တော့မှ ဘက်ညီ မျှတမှု မရှိဘူးလို့ ဆိုပါတယ်။

ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ် ဆမ် ဘရောင်းဘက်ဒ် က ဆိုရင်လည်း စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ဘဏ္ဍာရေး အခြေအနေ ကောင်းလာဖို့ဆိုတာ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍပေါ်မှာ ပိုပြီး အဓိက တည်မှီနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရီပတ်ဘလီကင် ပါတီအနေနဲ့ကတော့ အစိုးရရဲ့ထိန်းချုပ်မှုတွေထက် လူထုရဲ့ အင်အားကို ပိုပြီး ယုံကြည်ပါတယ်။ ပုဂ္ဂလိကကဏ္ဍ ကြီးထွားလာမှပဲ စွန့်ထွင် လုပ်ငန်းတွေနဲ့အတူ လူထုရဲ့မျှော်မှန်းချက်နဲ့ စီးပွားရေး အင်အားတွေ ပိုပြီး တောင့်တင်းလာမှာ ဖြစ်ပါတယ်လို့ အထက်လွှတ်တော်အမတ် ဆမ် ဘရောင်းဘက်ဒ်က ပြောသွားတာပါ။

အမေရိကန်အစိုးရရဲ့ ဘတ်ဂျက် အကျပ်အတည်းကြောင့် ဗဟိုအစိုးရ လုပ်ငန်း ဌာန ပေါင်းစုံမှာ အစိုးရအသုံးစရိတ် အလို အလျှောက် ဖြတ်တောက်မှုတွေ ပြီးခဲ့တဲ့လ ကတည်းက စတင်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ အကျိုးဆက် သက်ရောက်မှုအနေနဲ့ အမေရိကန်လုပ်အားဈေးကွက်မှာ အလုပ်လက်မဲ့ ဦးရေ ပိုပြီး တိုးပွားလာနေတဲ့ အခြေအနေမျိုးမှာ ရောက်နေပါတယ်။ ပြီးခဲ့တဲ့လ အတွင်းမှာ အမေရိကန် တနိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်အကိုင်သစ် ပေါ် ထွက်မှုဟာ တစ်သိန်းအောက်မှာပဲ ရှိပါတယ်။

သမ္မတအိမ်တော် စီးပွားရေးအကြံပေးတစ်ဦးဖြစ်တဲ့ အယ်လန် ခရူးဂါး-က -အစိုးရအသုံးစရိတ် ဖြတ်တောက်မှုကြောင့် ပုဂ္ဂလိက ကုမ္ပဏီတွေမှာလည်း အလုပ်အကိုင် အခွင့်အလမ်းအတွက် ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ် - လို့ သိရပါတယ်။ အဲဒီတော့ ဘတ်ဂျက်ဖြတ်တောက်မှုတွေ က ကျော်ဖြတ်ပြီး ရှေ့ဆက်တိုးသွားနိုင်မှပဲ စီးပွားရေးအတွက် ကောင်းမွန် လာပါလိမ့်မယ် - လို့ အယ်လန် ခရူးဂါးက ပြောသွားတာပါ။

ရီပတ်ဘလီကင်တွေကတော့ အစိုးရအသုံးစရိတ် ဖြတ်တောက်မှုကြောင့် အခုလို တနိုင်ငံလုံး စီးပွားရေးကိုပါ ထိခိုက်ရတယ်-ဆိုတဲ့ သမ္မတ အိမ်ဖြူတော် ရဲ့ ပြောကြားချက်ဟာ ပိုလွန်းရာ ရောက်နေတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်အစိုးရရဲ့ လိုငွေပြမှုဟာ ဒီနှစ်မှာ ဒေါ်လာ ဘီလီယံ ၉၀၀ လောက်ပဲ ရှိတော့တာမို့ အရင်ကထက် စာရင်တော့ နည်းနည်း သက်သာလာပါပြီ။ အခုနှစ် အစိုးရဘတ်ဂျက်နဲ့ပတ်သက်လို့ကတော့ ရီပတ် ဘလီကင် ကြီးစိုးတဲ့ အောက်လွှတ်တော်က ဘတ်ဂျက်တစ်မျိုး၊ ဒီမိုကရက်တွေ ကြီးစိုးတဲ့ အထက် လွှတ်တော်က တစ်မျိုး ရေးဆွဲထားမှုတွေ နှစ်မျိုး နှစ်ဖုံ ရှိနေ ပါတယ်။ လွှတ်တော် တစ်ခုနဲ့တစ်ခု သူတို့ရဲ့ ဘတ်ဂျက်တွေကို အတည်ပြုပေး မယ့်ပုံလည်း မရှိသေးပါဘူး။ ဒီပုံအတိုင်းဆိုရင် ပါတီနှစ်ဘက် သဘောတူညီချက် အခိုင်အမာ မလုပ်နိုင်သေးဘဲ လက်ရှိ လုပ်ဆောင်ထားတဲ့ Sequester လို့ခေါ်တဲ့ အစိုးရအသုံးစရိတ် အလိုအလျှောက် ဖြတ်တောက်မှုတွေဟာ ဆက်ရှိနေအုံး မှာ ဖြစ်သလို အစိုးရလိုငွေပြမှုတွေဟာလည်း စီးပွားရေးပညာရှင်တွေ အများစု ပြောနေသလို မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေရအုံးမယ်လို့ ဆိုနေကြပါတယ်ခင်ဗျာ။
XS
SM
MD
LG