သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတလောင်းတွေ အပြိုင်မဲဆွယ်


ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာစဘက်မြို့မှာ မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမား (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၁)
ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာစဘက်မြို့မှာ မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမား (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၁)
အမေရိကန် သမ္မတ ဘရက်အိုဘားမား နဲ့ သူ့ရဲ့ပြိုင်ဘက် မစ်ရွန်မနီ တို့ဟာ အဓိကပြိုင်ရမယ့် ပြည်နယ်တွေမှာ အပြိုင်မဲဆွယ် နေကြချိန်မှာ လူထုထောက်ခံမှု စစ်တမ်းတွေအရ သူမသာ ကိုယ်မသာ ဖြစ်နေကြပါသေးတယ်။ ဒီ သမ္မတလောင်း ပြိုင်ဘက် နှစ်ဦးဟာ သမ္မတ ရွေးကောက်ပွဲတွေ မတိုင်ခင် ဆက်ပြိုင်ပြီး မဲဆွယ်ကြဖို့ နှစ်လ အချိန်ရှိနေချိန်မှာ လက်ရှိသမ္မတ အိုဘားမား ဟာ ဖလော်ရီဒါပြည်နယ် နှစ်ရက်တာ ခရီးစဉ်ကို စိန့်ပီတာစဘက် (St. Petersburg) မြို့နားက မဲဆွယ်ပွဲနဲ့ စနေနေ့မှာ စတင်လိုက်ပါပြီ။

မဲဆန္ဒရှင် စတုတ္ထ အများဆုံးဖြစ်ပြီး သူ့ဘက်ကိုယ့်ဘက် ထောက်ခံတာ အပြောင်းအလဲ ဖြစ်လွယ်တဲ့ ဒီ ဖလော်ရီဒါပြည်နယ် မဲဆွယ်ပွဲမှာ မစ္စတာ အိုဘားမား က စီးပွားရေး ပြန်ကောင်းအောင် လုပ်ဖို့မှာ သူ့ရဲ့ အစီအစဉ်က ပြိုင်ဘက် မစ်ရွန်မနီရဲ့ အစီအစဉ်ထက် သာတယ်လို့ ပြောလိုက်ပါတယ်။

မစ္စတာ အိုဘားမားက မစ္စတာ ရွန်မနီ ရဲ့ ရစ်ပက်ဘလစ်ကန် ပါတီမှာ စီးပွားရေး ပြန်ကောင်းလာဖို့ ဆေးဟောင်းကြီးပဲ ရှိတယ်၊ လွန်ခဲ့တဲ့ နှစ် ၃၀ ထဲက အမြဲသုံးလာတဲ့ အခွန်လျော့ချရေး ပိုလုပ်ဖို့နဲ့ ထိန်းချုပ်မှု စည်းကမ်းတွေ ပိုပြဌာန်းဖို့ပဲ ဖြစ်တယ်၊ ခုလို နောက်ပြန်သွားမယ့် အစား သူ့အစီအစဉ်က ရှေ့ကိုသွားဖို့ ဖြစ်တယ်၊ ထုတ်ကုန် ပိုထုတ်ဖို့၊ အလုပ်အကိုင် ပိုဖန်တီးဖို့၊ နိုင်ငံခြားစွမ်းအင် အပေါ် မှီခိုတာ လျော့ချဖို့၊ ပညာရေးကို အားလုံးတတ်နိုင်အောင် လုပ်ပေးဖို့နဲ့ လိုငွေပြမှု လျော့ချဖို့ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဒါပေမဲ့ မစ္စတာ ရွန်မနီ ဘက်ကတော့ နောက်အရေးပါတဲ့ ဗာဂျီနီးယား ပြည်နယ်မှာ စနေနေ့က မဲဆွယ်ခဲ့စဉ်၊ ဗာဂျီနီးယား ကမ်းခြေ မဲဆွယ်ပွဲမှာ ပြောခဲ့တာက အိုဘားမား ရဲ့ ဒီ အစီအစဉ်တွေက အလုပ်မဖြစ်လာသေးဘူးလို့ ဝေဖန်လိုက်ပါတယ်။

မစ်ရွန်မနီ က မကြာခင်က ထွက်လာတဲ့ အလုပ်လက်မဲ့ အစီရင်ခံစာမှာ အလုပ်လက်မဲ့နှုန်းက ၈% ဆက် ဖြစ်လာနေတာ ၄၃ လတောင် ရှိလာနေပြီ၊ သြဂုတ်လမှာ အလုပ်အကိုင်သစ် ဖန်တီးနိုင်တာကလည်း ၉၆,၀၀၀ ပဲ ရှိတာမို့ အိုဘားမား ပေးခဲ့တဲ့ ကတိနဲ့တလွဲစီ ဖြစ်နေတယ်၊ အပြောပဲရှိပြီး လက်တွေ့မရှိဘူး၊ အစီအစဉ်လည်း ကောင်းကောင်းမရှိသေးဘူး၊ ဒါကြောင့်မို့ ရှေ့နှစ်ဆန်းမှာ သူ အိမ်ဖြူတော်မှာ ဆက်မရှိနိုင်အောင် လုပ်ဖို့ လိုနေပြီလို့ တုံ့ပြန်လိုက်ပါတယ်။
XS
SM
MD
LG