သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုပုံစံ ပြောင်းနိုင်


အမေရိကန်နိုင်ငံ၊ Wisconsin ပြည်နယ်မှာ အင်္ဂါနေ့က ကျင်ပခဲ့တဲ့ Republican ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ပဏာမ ရွေးချယ်မှုမှာ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz က ပါတီတွင်း ရှေ့ကပြေးနေတဲ့ Donald Trump ကို အပြန်အသတ် အနိုင်ရလိုက်တဲ့အတွက် ပါတီညီလာခံ ကျင်းပတဲ့အချိန် သမ္မတကိုယ်စားလှယ်လောင်းကို အစကနေ ပြန်လည် ရွေးချယ်ရမယ့် ကြုံတောင့်ကြုံခဲ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရမယ့် အလားအလာ ပိုများလာနေပါတယ်။

အချိန်ကာလအားဖြင့် ဇွန်လအစောပိုင်းအထိ ကြာမယ့် Republican ပါတီတွင်း ပဏာမ သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ ၁၆ ပြည်နယ် ကျန်နေပါသေးတယ်။ နိုင်ငံရေးလောကကို ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် ကုဋေကြွယ်သူဌေးကြီး Donald Trump အနေနဲ့ ဇူလိုင်မှာ ကျင်းပမယ့် ပါတီညီလာခံမှာ အစကနေ ပြန်လည်အရွေးခံရမယ့် အဖြစ်မျိုးနဲ့ ရင်မဆိုင်ရအောင် အဲဒီ ကျန်နေသေးတဲ့ ပြည်နယ်တွေမှာ အနဲဆုံး ၆၀% အနိုင်ရဖို့ လိုပါတယ်။

Trump အနေနဲ့ ကိုယ်စားလှယ်အရေအတွက် သိသိသာသာ အသာစီး ရထားပေမယ့်လည်း ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၄၇% သာ အနိုင်ရထားသေးတာ ဖြစ်ပါတယ်။ Cruz အနေနဲ့ကတော့ ဇူလိုင်လမှာ ကျင်ပမယ့် ပါတီညီလာခံမတိုင်ခင် ပါတီကို ကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်တဲ့ ကိုယ်စားလှယ်အရေအတွက် ရရှိနိုင်ရေးအတွက် ကျန်ပြည်နယ် အားလုံးမှာ ကျင်းပမယ့် ပါတီတွင်းရွေးချယ်မှုတွေမှာ ၉၀% အနိုင်ရရမှာ ဖြစ်ပါတယ်။

Republican ပါတီအနေနဲ့ ညီလာခံကျင်းပတဲ့အချိန်မှာ သမ္မတကိုယ်စားလှယ်လောင်းကို ပြန်လည် ရွေးချယ်ရတဲ့ အဖြစ်မျိုး ၁၉၇၆ ခုနှစ် နောက်ပိုင်းမှာ မရှိခဲ့ပါဘူး။

Ohio ပြည်နယ်၊ Cleveland မြို့မှာ ကျင်းပမယ့် ၂၀၁၆ ခုနှစ် Republican ပါတီ ညီလာခံကို တက်ဖို့အတွက် ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အစဉ်အလာအားဖြင့် သူတို့ ပြည်နယ်အသီးသီးမှာ ပါတီက ဦးဆောင်ကျင်းပတဲ့ ပဏာမ ရွေးချယ်မှုနဲ့ ပြည်နယ် အစိုးရတွေက ဦးဆောင်ကျင်းပတဲ့ ရွေးချယ်မှုတွေက ထွက်လာတဲ့ ရလဒ်အတိုင်း မဲပေးကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ မဲပေးရမယ့် အခြေအနေမျိုး ဖြစ်လာခဲ့ရင်တော့ သမ္မတ ကိုယ်စားလှယ်လောင်း ထွက်မလာမချင်း သူတို့ ကြိုက်နှစ်သက်တဲ့သူကို မဲပေးခွင့် ရှိကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG