သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Clinton သမ္မတလောင်းတွေအဖြစ် အမည်တင်သွင်းခံရဖို့ နီးစပ်


ရီပါတ်ဘလစ်ကင်ပါတီက Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက Hillary Clinton တို့ဟာ နယူးရောက်မှာ ကျင်းပတဲ့ ပဏာမ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့ ကြတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာသူတို့ ပါတီတွေရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းတွေ အဖြစ် အမည်စာရင်းတင်သွင်းခံရဖို့ သိပ်ကိုနီးကပ်လာပြီဖြစ်ပါတယ်။

အခုတော့ သူတို့ ၂ ဦးဟာ နောက်ထပ် ပြည်နယ် ၅ ခုမှာ ရှေ့သီတင်းပါတ်အတွင်း ကျင်းပမယ့် ပဏာမရွေးကောက်ပွဲတွေမှာ ဆက်ပြီး အနိုင်ရဖို့အရေး ရှေ့ရှုလုပ်ဆောင်နေပြီဖြစ်ပါတယ်။

လနဲ့ချီပြီးကြာတဲ့ အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးပွဲတွေထဲမှာ နောက်အရေးပါတဲ့ နေ့တနေ့ကတော့ ဧပြီလ ၂၆ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ အမေရိကန် အရှေ့မြောက်ပိုင်း ပြည်နယ် ၄ ခု ဖြစ်တဲ့ Maryland ၊ Pennsylvania ၊ Connecticut နဲ့ Rhode Island ပြည်နယ်တွေမှာ ရီပါတ်ဘလစ်ကင်နဲ့ ဒီမိုကရက်တစ် ပါတီတို့ရဲ့ ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီ ပဏာမ ရွေးကောက်ပွဲတွေ မတိုင်ခင် ကောက်ယူတဲ့ စစ်တမ်းတွေအရ အဲဒီနေရာတွေမှာ Trump နဲ့ Clinton တို့ဟာ သိသိသာသာ ရှေ့ဆောင်နေကြတာ ဖြစ်ပါတယ်။ ပြည်နယ် အငယ်လေးတခုဖြစ်တဲ့ Delaware မှာလည်း အကြိုမဲပေးဖို့ ရှိနေပါတယ်။

Trump ရော Clinton ပါ ၂ ဦးစလုံး ကတော့ သူတို့ရဲ့ ပါတီတွေအတွက် သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ်အရွေးကောက်ခံရဖို့ တင်သွင်းမယ့် အမည်စာရင်း အတည်မဖြစ်ကြ သေးပါဘူး။ ဒါပေမယ့် သူတို့ ၂ ဦးစလုံးဟာ ရီပါတ်ဘလစ်ကင်နဲ့ ဒီမိုကရက်တစ်ပါတီတွေရဲ့ ညီလာခံတွေ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင်တော့ အတည်ဖြစ်လာ နိုင်ပါတယ်။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပဏာမ ရွေးကောက်ပွဲမှာ နယူးရောက်ရဲ့ ရီပါတ်ဘလစ်ကင်ပါတီ ကိုယ်စားလှယ်မဲတွေ အားလုံးနီးပါး ရရှိခဲ့တဲ့ Trump က သူ့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ Texas အထက်လွှတ်တော်အမတ် Ted Cruz ဟာ သင်္ချာနည်းအရ တွက်ချက်ရင် သူဟာ ဇူလိုင်လလယ် ကျင်းပမယ့် ပါတီညီလာခံ မတိုင်ခင် အရေးရှုံးနိမ့်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Clinton ကတော့ ဇူလိုင်လ နှောင်းပိုင်းမှာ ကျင်းပမယ့် ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း အတင်သွင်း ခံရဖို့ သေချာလုနီးပါး ရှိနေပြီး အတင်သွင်းခံခဲ့ရရင် သူဟာ အမေရိကန် နိုင်ငံမှာ ပထမဆုံး ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသမီး သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်ဖို့အတွက် ထောက်ခံပေးမယ့် ကိုယ်စားလှယ်အရေအတွက် ၂၃၈၃ ဦးလိုအပ်သလို ရီပါတ်ဘလစ်ကင်ပါတီအတွက်တော့ ကိုယ်စားလှယ်အရေအတွက် ၁၂၃၇ ဦး လိုအပ်တာပါ။ အခု Donald Trump ကို ထောက်ခံတဲ့ ကိုယ်စားလှယ် ၈၄၅ ဦးနဲ့ Hillary Clinton က ထောက်ခံ ကိုယ်စားလှယ်က ၁၈၈၇ ဦး ရရှိထားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG