သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အမေရိကန်မှာ ပထမဦးဆုံး ဝတ်ပြုဆုတောင်းပွဲ ကျင်းပ


Pope Francis presides over a Canonization Mass for Friar Junipero Serra at the Basilica of the National Shrine of the Immaculate Conception in Washington, Sept. 23, 2015.
Pope Francis presides over a Canonization Mass for Friar Junipero Serra at the Basilica of the National Shrine of the Immaculate Conception in Washington, Sept. 23, 2015.

၆ ရက်ကြာခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့ ပထမဆုံး ဝတ်ပြုဆုတောင်းပွဲကို ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ နိုင်ငံတော်ဘုရားရှိခိုးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ မနက်ပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီးကို အမေရိကန်သမ္မတ Barack Obama က အိမ်ဖြူတော်မှာ မနေ့က နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ ခန့်မှန်းချေ လူပေါင်း ၁ သောင်းခွဲကျော်လောက် ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့ ဝါရှင်တန် ဒီစီမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Jeff Custer က သတင်းပေးပို့ထားပါတယ်။ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့ ဧည့်သည်တော်တွေ စုဝေးခဲ့ကြချိန် - ပုပ်ရဟန်းမင်းကြီး Francis ကလည်း ဝါရှင်တန်က ဗာတီကန်သံရုံး အပြင်ကို ထွက်လာပြီး - ကြိုဆိုဖို့ စောင့်ဆိုင်းနေသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားတို့ ဇနီးမောင်နှံကလည်း ပုပ်ရဟန်းမင်းကြီးကို အိမ်ဖြူတော်မှာ တရားဝင် လက်ခံကြိုဆိုခဲ့ကြတာပါ။

ဒီနောက် သမ္မတ အိုဘားမားက ရဟန်းမင်းကြီး Francis ရဲ့ ပြိုင်ဘက်ကင်းလှတဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား က အခုလို မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

“ဘုရားသခင်ရှေ့မှောက်မှာ တဦးချင်းစီအနေနဲ့ပဲဖြစ်ဖြစ်၊ လူ့အသိုင်းအဝိုင်းတခု အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ အဆင့်အတန်းကို ချမ်းသာကြွယ်ဝမှု တွေ၊ အာဏာတွေ၊ အဆင့်အတန်းတွေ၊ ထင်ပေါ်မှုတွေနဲ့ မပိုင်းဖြတ်ဘဲ သမ္မာကျမ်းစာနဲ့အညီ ဆင်းရဲသားတွေ၊ ဝိုင်းပယ်ခံရသူတွေကို ကူညီပေးဖို့ လိုတယ်ဆိုတာကို ရဟန်းမင်းကြီးက ကျနော်တို့ကို သတိပေးနေပါတယ်။”

ပုပ်ရဟန်းမင်းကြီးကလည်း သမ္မတလိုပဲ အခုလို မိန့်ကြားခဲ့ပါတယ်။

“အမှန်တကယ် သည်းခံပြီး ပြီးပြည့်စုံတဲ့ လူ့ဘောင်တခုကို တည်ဆောက်ဖို့၊ တဦးချင်းစီနဲ့ အသိုင်းအဝိုင်းတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ဖို့၊ မတရားမှုမှန်သမျှနဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း လက်မခံဖို့တွေကို အမေရိကန် ကက်သလစ် ဘာသာဝင်တွေ တစိုက်မတ်မတ် ကြိုးပမ်း ခဲ့ကြပါတယ်။”

ရာသီဥတုဖောက်ပြန်မှုနဲ့ ပတ်သက်လို့ အလေးထား ပြောကြားတဲ့အနေနဲ့ - လေထုညစ်ညမ်းမှု လျှော့ချဖို့ သမ္မတ အိုဘားမားရဲ့ ကြိုးပမ်းချက်တွေကို အားရတဲ့အကြောင်းလည်း ပုပ်ရဟန်းမင်းကြီး Francis က မိန့်ကြားသွားပါတယ်။

“ရာသီဥတုဖောက်ပြန်မှုဟာ - နောင်လာမယ့် မျိုးဆက်တွေအတွက် ချန်ထားရစ်လို့မရတဲ့ ပြဿနာတခု ဆိုတာကတော့ ရှင်းနေပါတယ်။”

ဒီနောက်မှာတော့ သမ္မတ အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီး Francis တို့ဟာ သမ္မတရုံးခန်းမှာ သီးသန့်တွေ့ဆုံပြီး၊ တန်ဖိုးထားတဲ့ ကိစ္စရပ်တွေကိုလည်း ၂ ဦးစလုံးက ဆွေးနွေးခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ မနက်အစောပိုင်းကတည်းက သူ့ကို ကြိုဆို နှုတ်ဆက်ဖို့ The Mall မြက်ခင်းပြင်ကြီးမှာ စောင့်ဆိုင်းနေကြတဲ့ လူ ၁ သောင်းခွဲကျော်ကို အိမ်ဖြူတော်ကနေ ထွက်လာပြီး နှုတ်ဆက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနှုတ်ဆက်ဖို့ စောင့်ဆိုင်းနေကြသူတွေထဲမှာ တဦးပါဝင်တဲ့ ကိုသန်းထိုက်ဆု က - သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြခဲ့ပါတယ်။

“ဒီနေ့ သူ့ကို နှုတ်ဆက်တာနဲ့ ကြိုဖို့ဟာအတွက် လူတွေကို သတ်မှတ်ဧရိယာတွေ သူတို့လုပ်ထားပေးတယ်။ အဲဒီနေရာတွေအတွက် ကားလည်း ဝင်လို့မရဘူး။ ဒါ လူသွားဖို့အတွက် လမ်းပဲလုပ်ထားပေးတယ်။ တကယ် ပုပ်ရဟန်းမင်းကြီးဖြတ်တဲ့နေရာ၊ ကြိုမယ့်နေရာအတွက် သူတို့တွေက လုံခြုံရေးဂိတ် ၇ ခု စုစုပေါင်း ချထားတယ်။ အဲဒီဂိတ်ကနေမှတဆင့် လူတွေက အဲဒီထဲကိုဝင်ရတယ်။ ကြိုမယ့်နေရာကိုပေါ့နော်။ ကြိုမယ့်နေရာကို ဝင်ပြီးတော့မှ အထဲမှာ သူတို့နေရာယူရတာပေါ့။ ဂိတ်ကို မနက် ၄ နာရီကတည်းက စဖွင့်ထားတာပေါ့။ လူတွေက မနက် ၄ နာရီကတည်းက စပြီးတော့ အဲဒီထဲ ဝင်ကြတာ။ ပုပ်ရဟန်းမင်းရဲ့ လမ်းကြောင်းကတော့ သူက White House ကနေ ထွက်တယ်။ ပြီးလို့ရှိရင် ဒီလမ်းကြောင်းအတိုင်း ဒီ Mall ဘက်ကနေ သူ ပတ်တယ်ပေါ့နော်။ ပတ်ပြီးတော့မှ အဲဒီဘက်ထဲကို ပြန်ဝင်တာဆိုတော့ ကျနော်တို့တွေကတော့ သူ့ကို နှုတ်ဆက်ဖို့ဟာအတွက် ရတဲ့နေရာက ပတ်လမ်းရဲ့ လမ်းအဆုံးနားမှာပေါ့နော် ပြန်ဝင်တဲ့အပေါက်နားမှာ ရောက်နေတာဆိုတော့ ပြန်ဝင်တဲ့နေရာကနေ သူ့ကို တွေ့လိုက်ရတာ ပေါ့။ ဘယ်လောက်အထိ နီးနီးကပ်ကပ် တွေ့လိုက်ရလဲဆိုတော့ လမ်းတလမ်းလုံးကို သူက လုံခြုံရေး အပြည့်ယူထားလိုက်ပြီးတော့မှ လူတွေက လမ်းတလမ်းလုံး အပြည့်စာရဲ့ ဘယ်ဘက်နဲ့ညာဘက်အခြမ်းကနေပဲ သူ့ကို နှုတ်ဆက်ခွင့်ရတယ်ပေါ့။ လုံခြုံရေးအရ ကြည့်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ တခေါက် လာတဲ့ပုပ်တုန်းကတော့ သူ့ကို နီးနီးကပ်ကပ် နှုတ်ဆက်ခွင့်ရတယ်။ အရင်ပုပ်ပေါ့နော်။ ပုပ် Francis မှာကျတော့ သူ့ကို နှုတ်ဆက်ရတာ သူတို့သတ်မှတ်ထားတဲ့ ဧရိယာအကွာအဝေး တော်တော်လေးရှိပါတယ်။ အဲဒီနေရာကနေပဲ ကျနော်တို့တွေ နှုတ်ဆက်ခွင့်ရတယ်ပေါ့။ ဆုတောင်းပေး တာတွေ ဘာတွေကတော့ အလံလေးနဲ့ အဲဒီထဲဝင်လာတဲ့ ကလေးလေးတယောက်ကိုပဲ သူ ဆုတောင်းပေးတာကို တွေ့လိုက်တယ်ပေါ့။”

အဲဒီနောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ စိန့် မက်သရူး ဘုရားရှိခိုးကျောင်းမှာ သာသနာပိုင်တွေနဲ့ တွေ့ဆုံပြီး သူ့ရဲ့ အမေရိကန်မှာ ပထမဆုံးတရားပွဲကို ကျင်းပခဲ့သလို၊ ၁၈ ရာစုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ သာသနာပြုခဲ့တဲ့ စပိန်သာသနာပြုတဦးကို သူတော်စင်အဖြစ် တင်မြှောက်ပေးခဲ့ပါတယ်။ ဒီကနေ့ ကြာသပတေးနေ့မှာတော့ ပူးတွဲလွှတ်တော်နှစ်ရပ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး၊ သောကြာနေ့ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာလည်း မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

သူ့ရဲ့ ၆ ရက်ကြာ အမေရိကန်ခရီးစဉ်ကို အဆုံးမသတ်ခင် စနေ၊ တနင်္ဂနွေမှာတော့ လူပေါင်း ၂ သန်းလောက် တက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ Philadelphia မြို့က ကမ္ဘာတဝှမ်း မိသားစုများ တွေ့ဆုံပွဲမှာ တရားဟောပြောမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ ညပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီတလီနိုင်ငံ ရောမမြို့ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG