သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား မြန်မာပြည် သွားမည်


အမေရိကန်သမ္မတ ဘားရက်အိုဘားမား
အမေရိကန်သမ္မတ ဘားရက်အိုဘားမား
အမေရိကန်သမ္မတအဖြစ်ပြန်လည် အရွေးခံရတဲ့ သမ္မတ Barack Obama အရှေ့တောင်အာရှကို လာမဲ့ခရီးစဉ်ဟာ သမိုင်းဝင်ဖြစ်တယ်လို့ နိုင်ငံတကာရေးရာပညာရှင်တွေက ပြောလိုက်ပါတယ်။ ASEAN ထိပ်သီးစည်းဝေးပွဲကိုတက်ရောက်ဖို့ သမ္မတ Obama ဟာ Cambodia နိုင်ငံကို လာမှာဖြစ်သလို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကိုလဲ သွားရောက်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန်ပြန့်ထွက်ပေါ်ချိန်မှာ ချုလာလောင်ကောင်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Thitinan Pongsudhirak အခုလို သုံးသပ်တာဖြစ်ပါတယ်။ သမ္မတအဖြစ် ပြန်လည် အရွေးခံရပြီးတဲ့နောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ်နဲ့ အာရှကို ရွေးချယ်တာဟာ ဘယ်လောက်အရေးပါ ပါသလဲ၊ ဘန်ကောက်ရုံးက မစုမြတ်မွန်က သုံးသပ်တင်ပြပါမယ်။

နိုဝင်ဘာလ တတိယပါတ်မှာ အာဆီယံ ထိပ်သီးညီလာခံကိုတက်ရောက်ဖို့ အမေရိကန်သမ္မတ Barack Obama ဟာ Cambodia နိုင်ငံကိုလာရောက်ဖို့ ရှိနေသလို မြန်မာနဲ့ ထိုင်းနိုင်ငံတွေဆီကိုလဲ သွားမှာဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

သမ္မတအိုဘားမားခရီးစဉ်နဲ့ ပါတ်သက်လို့ အိမ်ဖြူတော်ကတော့ ခုချိန်ထိ အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ သမ္မတသက်တမ်း ဒုတိယအကြိမ် ထပ်ပြီး ထမ်းဆောင် ဖို့ ရွေးကောက်ပွဲမှာ လောလောလတ်လတ် အနိုင်ရထားတဲ့ သမ္မတ Obama အတွက် အာရှကို ပထမဆုံး ခရီးထွက်မယ်ဆိုတာဟာ သမိုင်းဝင်ဖြစ်တယ်လို့ ချုလာလောင်ကောင်တက္ကသိုလ် နိင်ငံရေးသိပ္ပံဌာနပါမောက္ခ Thitinan Pongsudhirak ကVOA မြန်မာပိုင်းကို ပြောပါတယ်။

“သမ္မတအိုဘားမား ရွေးကောက်ပွဲမှာ ပြန်ပြီး အနိုင်ရလိုက်တဲ့အတွက် အရှေ့တောင်အာရှဒေသထဲက ကျွန်းနိင်ငံမဟုတ်တဲ့ နိုင်ငံတွေဆီကို လာမဲ့ ခရီးစဉ်ဟာ သမိုင်းဝင်ဖြစ်သွားပါတယ်။ လုပ်ပိုင်ခွင့်အာဏာ သူထပ်ပြီး ရရှိသွားပြီ၊ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလဲ ဒီအတိုင်း ဆက်ထိန်းထားမယ်၊ ပိုပြီး ထိရောက်မှုရှိအောင်လုပ်မဲ့ပုံရတဲ့အပြင် ပိုပြီးကျယ်ပြန့်အောင် ချဲ့ထွင်မဲ့ပုံရပါတယ်။ ဒုတိယအကြိမ် သမ္မတရာထူးတာဝန်ယူဖို့ ရွေးကောက်ပွဲအနိုင်ရပြီးချိန်မှာ ထိုင်း မြန်မာ Cambodia နိုင်ငံတွေကို ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မယ်ဆိုရင် ဒီကိစ္စတွေက ဆက်စပ် စဉ်းစားရမဲ့ ကိစ္စတွေဖြစ်ပါတယ်လို့ Mr. ထီထီနန်က ပြောသွားတာပါ။

သမ္မတအိုဘားမား မြန်မာနိုင်ငံကို သွားရောက်မယ်ဆိုတာကို အစိုးရတာဝန်ရှိသူ တယောက်ရဲ့ အပြောကို ကိုးကားပြီး မြန်မာနိုင်ငံကလာတဲ့သတင်းတွေမှာ ကျယ်ကျယ်ပြန်ပြန့် ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ နှစ်ဘက်အစိုးရကတော့ ခုချိန်ထိ ဒီခရီးစဉ်ကို အတည်ပြုခြင်း မရှိသေးပါဘူး။ Mr. ထီထီနန်ကတော့ အမေရိကန်သမ္မတ မြန်မာနိုင်ငံကို သွားခဲ့ရင် ဒါဟာ ဆက်ဆံရေးအတွက် အရေးပါတဲ့ ပြရုဂ်တခုဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“အမေရိကန် အစိုးရအတွက်က မြန်မာနိုင်ငံဟာ လက်စမသတ်သေးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်၊ မြန်မာနိုင်ငံက ပွင့်လင်းလာမှုတွေ ဒီထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် Obama ကြိုးစားမဲ့ပုံရပါတယ်။ အဓိကကျတဲ့ ခေါင်းဆောင်တွေနဲ့ သူတွေ့မယ်၊ ဆိုတော့ ဒီခရီးစဉ်ကို ပြရဂ်တခုအနေနဲ့ မြင်နိုင်ပါတယ်”လို့ သုံးသပ်သွားတာဖြစ်ပါတယ်။

အမေရိကန်သမ္မတယောက်အနေနဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတိုင်း မြန်မာ၊ ထိုင်းနဲ့ Cambodia နိုင်ငံတွေဆီကို တကယ် သွားမယ်ဆိုရင် ဒါဟာ ဒေသတွင်းအတွက် ဘယ်လောက် ထူးခြားတယ်လို့ ပြောနိုင်ပါသလဲဆိုတဲ့ အမေးကိုတော့ ကမ္ဘာ့ရေးရာ ကျွမ်းကျင်သူ Mr. ထီထီနန်က ခုလိုဖြေပါတယ်။

“အရှေ့တောင်အာရှဒေသထဲက ကုန်းမြေနိုင်ငံတွေဆီကို လာမဲ့ ခရီးစဉ်ဖြစ်လို့ တရုတ်အစိုးရအတွက် စိုးရိမ်စရာဖြစ်မဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အာရှမှာ တရုတ်နဲ့ ချိန်ခွင်လျှာညှိုဖို့ အမေရိကန်က ကြိုးစားနေတဲ့ ဆက်ဆံရေးက ပိုပြီးကျယ်ပြန့်လာတယ်။ ပိုပြီး တိုးမြှင့်လာတယ်။

အမေရိကန်ခေါင်းဆောင် တယောက်အနေနဲ့ ဒေသတွင်းကို ကိုယ်တိုင်ရောက်လာမယ်ဆိုရင် အရှေ့တောင်အာရှ ကုန်းမြေနိုင်ငံတွေမှာ အမေရိကန်ရဲ့ နေရာယူမှုအတွက် အကြီးအကျယ် အားတခုဖြစ်စေမှာပါ။ မြန်မာနိုင်ငံအတွက်ကတော့ ဒီမိုကရေစီ မီးရှုးတန်ဆောင်လိုဖြစ်နေရုံမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်က ထောက်ခံမှုတွေပေးတယ်။ ဆက်ဆံရေးမှာ အရေးပါတဲ့ပြရုပ်တခုအနေနဲ့ မြင်သာစေတယ်ဆိုတဲ့အတွက် မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို တွန်းအားပေးရာရောက်မယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့လဲ ဖိအားပေးရာရောက်မယ်၊ တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့ Obama ကိုယ်တိုင် ပြောကြားမှုတွေလဲ ရှိနိုင်တယ်။ ဒီတော့ ခရီးစဉ်တခုလုံးကို ခြုံပြောရင် အင်မတန် ထိရောက်တဲ့ ခရီးစဉ်တခုဖြစ်မယ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား ၃ နိုင်ငံလုံးအတွက် အကျိုးရှိစေမဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့ ကမ္ဘာ့ရေးရာ ကျွမ်းကျင်သူ ချုလာလောင်ကောင်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ထီထီနန် ဖွန် ဆူ ဟေရတ် က သုံးသပ်သွားတာဖြစ်ပါတယ်။

အိမ်ဖြူတော်ဘက်ကရော အမေရိကန်နိုင်ငံခြားရေးဌာနကပါ အခုအချိန်အထိ သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပါတ်သက်လို့ အတည်ပြုချက် တစုံတရာ မပေးသေးပေမဲ့ အမေရိကန်သမ္မတဟာ မြန်မာနိုင်ငံကို Nov 18 နဲ့ 19 ရက်နေ့တွေမှာ လာရောက်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
XS
SM
MD
LG