သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်နဲ့ တွေ့မည်


အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်။ ( နိုဝင်ဘာ ၁၉၊ ၂၀၁၂)
အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်။ ( နိုဝင်ဘာ ၁၉၊ ၂၀၁၂)

အမေရိကန် သမ္မတ အိုဘားမား ဟာ လာမယ့် ရက်သတ္တပတ် အတွင်း မလေးရှားနိုင်ငံ မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မလေးရှားမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းကိုလည်း သွားရောက်မယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အရာရှိတွေက မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုသွားခဲ့ပါတယ်။ အသေးစိတ်ကို ဦးကျော်ဇံသာ အပြည့်အစုံ တင်ပြပေးထားပါတယ်။

တကယ်တမ်း အတည်မပြုနိုင်ပဲ ပျံ့နှံ့နေတဲ့ သတင်းတချို့ အရဆိုရင်တော့ သမ္မတ အိုဘားမားဟာ မကြာခင် သွားရောက်မယ့် အရှေ့အာရှ ခရီးစဉ် အတွင်း မှာ မြန်မာနိုင်ငံ ကို ရုတ်တရက် ဝင်ရောက် လည်ပတ်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံ ဂုဏ်ပြုစကားပြောမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီသတင်းနဲ့ ပတ်သက်လို့တော့ မနေ့က ပြုလုပ်သွားတဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ တစွန်းတစပြောကြားခြင်း မရှိပဲ မလေးရှားမှာ အာဆီယံ အစည်းအဝေးပွဲ နဲ့ ဆက်တိုက် ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ ကျင်းပ ပြီးဆုံးတဲ့ နိုဝင်ဘာလ ၂၂ရက်နေ့မှာ သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံဖွယ် ရှိတယ်လို့ အိမ်ဖြူုတော် အမျိုးသားအကြံပေးပုဂ္ဂိုလ် Ben Rhodes က အခုလိုပြောကြားသွားပါတယ်။

"အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားဟာ တခြား အာဆီယံ ခေါင်းဆောင်တွေ နဲ့အတူ မြန်မာသမ္မတနဲ့ တွေ့ဖို့လည်း အခွင့်အလမ်း ရရှိမှာဖြစ်ပါတယ်။ "

ဒီမလေးရှား ခရီးစဉ်အတွင်းမှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ မတွေ့ဆုံခင် နိုဝင်ဘာလ ၂၁ရက်နေ့မှာတော့ သမ္မတ အိုဘားမားဟာ ဒုက္ခသည်စခန်းကို သွားရောက်မယ် လို့အိမ်ဖြူုတော် အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် Susan Rice က ပြောပါတယ်။ ဒါဟာ အာရှအပါအဝင် ကမ္ဘာတလွှားမှာ ကြီးထွားလာနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ အရေးကို အမေရိကန်အနေနဲ့ အလေးအနက် ထားတယ် ဆိုတာကို ပြသတဲ့သဘောဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

"ကမ္ဘာတဝှမ်း ဒုက္ခသည် ပဋိပက္ခနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မကင်းဖြစ်မှု ကို မီးမောင်းထိုးပြသွားမှာဖြစ်ပါတယ်။ သမ္မတအနေနဲ့ မလေးရှားနိုင်ငံမှာ ဒုက္ခသည် စခန်းကို သွားရောက်မှာဖြစ်ပါတယ်။ အခုလိုသွားရောက်ခြင်းအားဖြင့် ဒုက္ခသည် အရေး အမေရိကန်ရဲ့ အလေးထားမှုကို ပြသရာ ရောက်ဖို့ ရည်ရွယ်ပါတယ်။ အကာအကွယ်မဲ့သူတွေကို စောင့်ရှောက်နိုင်ဖို့ မလေးရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြီးခဲ့တဲ့ နှစ်တွေ အတွင်း သိပ်ကို အရေးပါတဲ့ အကူအညီတွေကို ပေးခဲ့တာလည်းဖြစ်ပါတယ်။ "

ဒါ့အပြင် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအဖို့ အရှိန်အဟုန်ကြီးမား လှတဲ့ အခွင့်အရေးတရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ထုတ်ပြန်ချက်တွေလည်းပဲ အပြုသဘောဆောင်ပြီး အားတက် စရာကောင်းတယ်လို့ Ben Rhodes က ပြောပါတယ်။

"သမ္မတ ဦးသိန်းစိန်နဲ့ စစ်တပ် အကြီးအကဲတို့ရဲ့ အပြုသဘောဆောင်တဲ့ ကြေညာ ချက်တွေ ကိုလည်း တွေ့ရပါတယ်။ သူတို့က ရွေးကောက်ပွဲရဲ့ ရလဒ်ကို လေးစား လိုက်နာဖို့ ကတိပြုကြပါတယ်။ NLD ရဲ့အောင်ပွဲကို ချီးကျူးဂုဏ်ပြုကြပါတယ်။ ဒါတွေဟာ အင်မတန် အပြုသဘောဆောင်တဲ့ အချက်ပြမှုတွေလို့ ယူဆရ ပါတယ်။ မြန်မာပြည် ရဲ့ အဓိက ခေါင်းဆောင်တွေနဲ့ အတူတကွ ညှိနှိုင်းပြီးတော့ ဒီစိတ်ဓာတ်ကို ဆက်လက်ပြီးတော့ မွေးမြူသွားကြ မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ကြီးမားတဲ့ အလားအလာကောင်း တရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ သဝဏ်လွှာမှာလည်း ဖော်ပြထားပါတယ်။"

သို့သော်လည်းပဲ မြန်မာနိုင်ငံ အဖို့ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေသေးတယ် ဆိုတာကိုလည်း အခုလို ထောက်ပြပါတယ်။

"မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါသေးတယ်။ တိုင်းရင်းသား အင်အားစုတွေနဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ရခိုင်ပြည်နယ်က စာနာမှု လိုအပ်နေတဲ့ အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းရေး စတာတွေဖြစ်ပါတယ်။"

အခုလို ရွေးကောက်ပွဲပြီးမြောက်သွားခြင်းဟာ အင်မတန်ကောင်းမွန်တဲ့ အားတက်ဖွယ်ရာ ကိစ္စတရပ်ဖြစ်ပေမဲ့ ဆယ်စုနှစ်နဲ့ချီပြီး ရှိလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားသွန်ခွန်စိုက် ကြိူးပမ်းမှုတွေ မြန်မာ အစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကတိကဝတ်တွေ ကို အပြည့်အဝ ဖော်ဆောင်နိုင်ဖို့ ကတော့ အကြာကြီး ကြိုးပမ်းကြရလိမ့်ဦးမယ်လို့လည်း ဆိုပါတယ်။

သမ္မတ အိုဘားမားဟာ နိုဝင်ဘာလ ၂၀ရက်နေ့ကစပြီး နိုဝင်ဘာလ ၂၂ရက်နေ့အထိ မလေးရှားနိုင်ငံမှာ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ East Asia Forum လို့ခေါ်တဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတို့ကို တက်ရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG