သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားသမီးဦးရေ ကန့်သတ်မှု အမေရိကန်စိုးရိမ်


ရခိုင်ပြည်နယ် မောင်တောဒေသမှာ မူဆလင်ရိုဟင်ဂျာတွေ သားသမီး မွေးဖွားမှု ကန့်သတ်ရမယ်ဆိုတဲ့ ဒေသန္တရအမိန့် ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အထူး စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီကန့်သတ်ချက်ကို အမြန်ဆုံး ဖယ်ရှားပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တစ်အိမ်ထောင် ကလေးနှစ်ယောက်သာ မွေးရမယ်ဆိုတဲ့ ဒေသန္တရအမိန့် ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝိုင်းဝန်း ဝေဖန်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန် အစိုးရအနေနဲ့လည်း ဒီကိစ္စကို အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းတစ်ခုတည်းကို ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံတဲ့ ဒီကန့်သတ်မှုကို မြန်မာအစိုးရအနေနဲ့ ပြန်ရုပ်သိမ်းသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက မနေ့က ပြောဆိုသွားပါတယ်။

“ရခိုင်ပြည်နယ် အစိုးရအရာရှိတွေက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ကလေးနှစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ ကန့်သတ်ချက် ချမှတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ကျမတို့ အထူး စိုးရိမ်မိပါတယ်။ အမေရိကန် ပြည်ထောင်စုက ဒီကန့်သတ်ချက်နဲ့၊ ခွဲခြားဆက်ဆံပြီး လူဦးရေ ကန့်သတ်တဲ့ မူဝါဒတွေကို ဆန့်ကျင်ပါတယ်။ ဒီဒေသန္တရအမိန့်ကို ဖျက်သိမ်းဖို့ မြန်မာအစိုးရ အကြီးတန်းအရာရှိတွေကို ကျမတို့ ဖိအားပေးနေပါတယ်။ ဒီလို အမိန့် အားလုံးကို ချက်ချင်း ဖျက်သိမ်းပစ်ဖို့လည်း မြန်မာအစိုးရကို ကျမတို့ တိုက်တွန်းပါတယ်။”

လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တာနဲ့အတူ၊ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့အပေါ်မှာ အမေရိကန် ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ ရေရှည် စီမံကိန်းတရပ် ချမှတ်ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကိုင်တွယ် ဖြေရှင်းသွားဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

“ရခိုင်ပြည်နည်တွင်းက အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ပြဿနာရဲ့ အရင်းအမြစ်ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာနဲ့၊ ရခိုင်ပြည်နယ်တွင်း အကူအညီ လိုအပ်နေသူတွေ အားလုံးအတွက် လူသားချင်း စာနာမှု အကူအညီတွေ ဘယ်လို ပေးသွားမယ်ဆိုတဲ့ ရေရှည် စီမံကိန်းတစ်ရပ် ချမှတ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကျမတို့ တိုက်တွန်းပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။"

"လူမျိုးတစ်ခုခုကို ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံတာဟာ အစိုးရက ပြည်သူတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့အပေါ်မှာ ဆန့်ကျင်နေပါတယ်။ ဒါကြောင့် ကျမတို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာအစိုးရနဲ့ ဒေသခံ တာဝန်ရှိသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကိုလည်း အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာပြီး ပြန်လည် ပေါင်းစည်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုတွေကသာ ငြိမ်းချမ်းရေး ရေရှည် ခိုင်မြဲစေမယ့် နည်းလမ်းဖြစ်တယ် ဆိုတာကို အလေးပေး ပြောဆိုနေတာဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပြောသွားတာပါ။ လူဦးရေ ထိန်းချုပ်နိုင်ဖို့အတွက် ကလေးယူတဲ့ အရေအတွက်ကို ဒေသခံအစိုးရက ထိန်းချုပ်တဲ့အနေနဲ့ ဘူးသီးတောင်၊ မောင်တော ဒေသမှာရှိတဲ့ မူဆလင်တွေကို ကလေးနှစ်ယောက်ပဲယူဖို့ သတ်မှတ်ထားတယ်ဆိုတဲ့ ကိစ္စကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး ဖော်ပြလာနေကြတာ ဖြစ်သလို၊ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဒီကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်ကတော့ ဒီအမိန့်ဟာ အခုမှ ထွက်ပေးလာတဲ့ အမိန့်မဟုတ်ဘဲ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ရှိခဲ့တာဖြစ်ပြီး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ကနေ သားဆက်ခြား စီမံကိန်းတစ်ရပ်အနေနဲ့ အဲဒီအချိန်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တဲ့ကိစ္စ ဖြစ်တယ်လို့ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ အခုချိန်ကျမှ ဒီကိစ္စကို ပြစ်တင်ဝေဖန်တာဟာ တဘက်စောင်းနင်း ပြစ်တင်ဝေဖန်ရာကျပြီး ပကတိအခြေအနေကို နားမလည်ရာ ကျတယ်လို့လည်း ဦးဝင်းမြိုင်က ပြောသွားပါတယ်။

မောင်တောခရိုင်မှာရှိတဲ့ မူစလင်တွေ ကလေး ၂ ယောက်ပဲ မွေးရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ပြန်လည် သုံးသပ်သွားမယ့်အကြောင်း သမ္မတ ပြောခွင့်ရသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ပြောပါတယ်။

“ရခိုင်စုံစမ်းရေး ကော်မရှင်က အကြံပြုတဲ့ အချက်တွေ အားလုံးကို ပြန်သုံးသပ်ရဦးမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဗဟိုအစိုးရက လက်ခံတယ် မခံဘူး မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဒီကိစ္စအတွက် တစုံတရာ မှတ်ချက် မပေးနိုင်သေးပါဘူး။”

ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မှာ လူ ၂၀၀ လောက် သေဆုံးပြီး ၁ သိန်း ၄ သောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပဋိပက္ခ အကြောင်းရင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်က စုံစမ်းပြီး မကြာခင်တုန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာမှာ ရခိုင်ပြည်နယ်တွင်း မူဆလင်လူဦးရေ မြန်မြန်ဆန်ဆန် တိုးပွားလာနေတာကြောင့် မူဆလင်တွေရဲ့ မျိုးဆက်ပွားမှုကို ထိန်းချုပ်သင့်တယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG