သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်မျက် ဆက်လက် ပိတ်ပင်မှု ထိရောက်နိုင်သလား


မြန်မာ့ တွင်းထွက်ကျောက်မျက်ရတနာ ကျောက်စိမ်း
မြန်မာ့ တွင်းထွက်ကျောက်မျက်ရတနာ ကျောက်စိမ်း
မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ တင်သွင်းခွင့်ပိတ်ပင်တားမြစ်ချက်ကို အမေရိကန်ပြည်ထောင်စုက သက်တမ်းဆက်ပြီးတိုးလိုက်တာဟာ ပါဝင် ပါတ်သက်နေတဲ့ မြန်မာစစ်ဘက်ကို အရေးယူချင်လို့ လုပ်ဆောင်တာ လို့ ပြောပေမယ့် ဒါဟာ ဒွိဟဖြစ်စရာ တခုဖြစ်နေတယ် လို့ မြန်မာ့အရေးလေ့လာ သုံးသပ်သူတွေက မြင်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အမေရိကန်နိုင်ငံဘက်က အကြပ်ကိုင်စရာ မကျန်တော့တာမို့ လုပ်ဆောင် တာမျိုးဖြစ်ပြီး တကယ်တမ်း ထိခိုက်စေတာက ရတနာ ကုန်သည်လေးတွေနဲ့ မြန်မာပြည် ထွက် ကျောက်မျက်တွေ ဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံက ပတ္တမြားတွေနဲ့ ကျောက်စိမ်းလို ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့် တားမြစ်ချက်ဟာ ဇူလိုင်လ ၂၈ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးခဲ့တာပါ။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ Barack Obama က ဒီတင်သွင်းခွင့် တားမြစ်ချက် အတွက် လက်မှတ်ရေးထိုးပြီး သက်တမ်း တိုးလိုက်တယ်လို့ သမ္မတ အိမ်ဖြူက ကြေညာခဲ့ပါတယ်။

အခုလို သက်တမ်းတိုးလိုက်တာဟာ မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ် ဆိုပေမဲ့ တိုင်းရင်းသား ဒေသတွေမှာ အခုထိ တိုက်ပွဲတွေ ဖြစ်ပွါးနေတာကို ရပ်တံ့အောင် မြန်မာအစိုးရဘက်က သေသေချာချာ မကြိုးစားသေးတဲ့ အပြင် ဒီကျောက်မျက်ရတနာ လုပ်ငန်းဟာ မြန်မာပြည်သူတွေ အတွက်ထက် အရင်ကတည်းက စစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်နေတဲ့ စီးပွါးရေး လုပ်ငန်းရှင်တွေသာ အကျိုးခံစားနေရတာမို့ အခုလို သက်တမ်းတိုးတာ လို့ မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံးက နာယက ဦးခင်မောင်ညွန့်က ပြောပါတယ်။

"ဒီကျောက်မျက်ရတနာ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကြီးစိုး လုပ်ကိုင်နေသူတွေ ဟာ တနည်းမဟုတ် တနည်း လက်ရှိ တပ်မတော်ထဲမှာ အာဏာရှိနေတဲ့ ပုဂ္ဂိုလ်တွေ နဲ့ ဆက်နွယ်ပြီးတော့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း အတွက်ကို အကျိုးပြုတယ်။ ပြည်သူလူထုအတွက် ထိရောက်တဲ့ အကျိုးမရှိဘူး။ နောက်ပြီးတော့ ကချင်ပြည်မှာ၊ ရှမ်းပြည်မှာလည်း ဒီနေ့အထိက ငြိမ်းချမ်းရေးက မရသေးဘူး။ ဒါတွေကို အခြေအနေကြည့်ပြီး အမေရိကန် အစိုးရက မြန်မာပြည်ရဲ့လက်ရှိအခြေအနေ ကြည့်ပြီး သက်တမ်းတိုးဖို့ လိုအပ်တယ် လို့ ယူဆပြီးတော့ တိုးတယ်ပဲ ကျနော်ယုံကြည်ပါတယ်ခင်ဗျ။"

မြန်မာအစိုးရအနေနဲ့ ကျောက်စိမ်းထွက်တဲ့ ကချင်ဒေသနဲ့ ရှမ်းပြည်နယ် အပါအဝင် ဒေသတွေက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင် သေသေချာချာ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အမေရိကန်အစိုးရ ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး Ben Rhodes ကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ပြီး လုပ်နေသူတွေ၊ ဒီမိုကရေစီ ပြုပြင်ရေးလုပ်ငန်းကို ထိခိုက်အောင် လုပ်နေသူတွေအတွက် အမေရိကန်အစိုးရက ဆက်ပြီးအရေးယူမယ်လို့ ဆိုပါတယ်။

အခုသမ္မတ အိုဘားမား လက်မှတ်ရေးထိုး သက်တမ်း တိုးလိုက်တဲ့ ကျောက်မျက် တင်သွင်းခွင့် တားမြစ်ချက်ဟာ ဒွိဟဖြစ်စရာ ဖြစ်နေပြီး အမေရိကန်အစိုးရ ရည်ရွယ်ချက်အတိုင်း ထိရောက်မှု တကယ်ရှိမရှိ ဆန်းစစ်ဖို့ လိုအပ်တယ်လို့ Australia နိုင်ငံ Mcquarie တက္ကသိုလ်က မြန်မာ့အရေး လေ့လာသုံးသပ်သူ Sean Turnell က ပြောပါတယ်။

"ဒီတားမြစ်ပိတ်ပင်မှုကိုက ဒွိဟဖြစ်စရာတခုပါ။ ဒီကျောက်မျက်ရောင်းဝယ်မှုမှာ စစ်တပ်ဘက်က ပါဝင်ပါတ်သက်နေတာမို့ မြန်မာစစ်တပ်ကို အရေးယူချင်လို့ လုပ်တာ ဆိုပေမယ့် တဖက်က ကြည့်မယ် ဆိုရင်တော့ ကျောက်စိမ်းတို့ ပတ္တမြားတို့လို ကျောက်မျက်ရတနာတွေကို အစဉ်တစိုက်ရောင်းဝယ်နေကြတဲ့ ကုန်သည်လေးတွေကို သွားပြီးထိခိုက်နေတာပါ။ ဒီကုန်သည်တွေ အပြင် မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မျက်တွေကို ထိုင်းတို့ တရုတ်တို့ကနေ ထွက်တဲ့ နိုင်ငံ အမည်ကို ပြောင်းပြီး ရောင်းဝယ်နေ တာမို့ မြန်မာပြည်ထွက် ရတနာတွေကိုပါ ထိခိုက်စေတာပါ။ ဒါ့ကြောင့် ဒီတားမြစ်ပိတ်ပင်မှုတွေကို ဆက်ပြီးလုပ်ချင်တယ်ဆိုရင် သူတို့ တကယ်တမ်း အရေးယူချင်တဲ့ သူတွေကို ထိခိုက်မှု ရှိမရှိ သေသေချာချာ ဆန်းစစ်ဖို့ လိုပါတယ်။"

အမေရိကန်အစိုးရ အရေးယူချင်သူတွေ တကယ် ထိခိုက်မှုရှိမရှိ မသိရပေမယ့် ရတနာကုန်သည် ကလေးတွေနဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်တွေအတွက် ထိခိုက်မှုတွေကို ဖြစ်စေတဲ့ ဒီတားမြစ်ချက်ကို အိုဘားမား အစိုးရက ဘာ့ကြောင့် ထုတ်ပြန်ရတယ်လို့ ထင်ပါသလဲ။

"သမ္မတ အိုဘားမား အနေနဲ့ ဘေးကြပ်နံကြပ်ဖြစ်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ မြန်မာစစ်တပ်ကို အကြပ်ကိုင်နိုင်ဖို့ အတွက် တားမြစ်ပိတ်ပင်မှုကို လုပ်တယ် ဆိုပေမယ့် အမေရိကန် အစိုးရဘက်က မြန်မာအပေါ် အရေးယူမှု အတော်များများကို ဖယ်ရှားပေး ခဲ့ပြီးသားဖြစ်နေတာပါ။ဆိုတော့ မြန်မာနိုင်ငံ ရှေ့ဆက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာအောင် သူတို့ဘက်က အကြပ်ကိုင်စရာက ဘာမှ သိပ်မကျန်တော့ တာမို့ စိတ်ပူလာပုံရပါတယ်။ ဒါ့ကြောင့် ကျန်နေသေးတဲ့ ဒီကျောက်မျက်ရတနာ နဲ့ ပါတ်သက်ပြီး ပိတ်ပင်ထားတာကိုပဲ သက်တမ်း ထပ်ပြီး တိုးတာလို့ ကျွန်တော်ထင်ပါတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံမှာ ငွေမဲကနေ ငွေဖြူ ခဝါချမှုတွေဟာ ဒီရတနာရောင်းဝယ်မှုတွေနဲ့ အများဆုံး ဆက်စပ်နေတာမို့ အခုလို ကျောက်မျက်ရောင်းဝယ်မှု အတွက် သီးခြား သက်တမ်းတိုးမှုတွေ လုပ်ခဲ့ပုံရတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် အခုလို ကျောက်မျက် ရတနာနဲ့ ပါတ်သက်ပြီး တားမြစ် ပိတ်ပင်မှုတွေ ဆက်ပြီးထားရှိတာဟာ မြန်မာစစ်ဘက်အရာရှိတွေနဲ့ သူတို့နဲ့ ဆက်နွယ်နေသူတွေကို ထိခိုက်မှု တစုံတရာတော့ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်းလည်း ပါမောက္ခ Sean Turnell ကပြောပါတယ်။
XS
SM
MD
LG