သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မူးယစ် တိုက်ဖျက်ရေး ကြိုးပမ်းမှုအပေါ် ကန် ဝေဖန်


မြန်မာမူးယစ်ဆေးဝါးတိုက်ဖျက်မှု။
မြန်မာမူးယစ်ဆေးဝါးတိုက်ဖျက်မှု။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။ မြန်မာ အာဏာပိုင်တွေဖက်ကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာ သူတို့အနေနဲ့ နိုင်ငံတကာနဲ့ တတ်နိုင် သမျှ ပူးပေါင်းဆောင်ရွက် နေပါတယ်လို့ တုန့်ပြန်လိုက်ပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုညဏ်ဝင်းအောင်က ပြောပြပါမယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ အစီရင်ခံစာမှာ တနိုင်ငံချင်း အလိုက် အခြေအနေတွေကို ဖေါ်ပြထားတာပါ။ အဲဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေ ဆဲဖြစ်ပြီး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။

ဒီ အစီရင်ခံစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့တပ်မှူး ရဲမှူးချုပ်ကျော်ဝင်းက VOA ကို ခုလိုဖြေကြား ပါတယ်။

"လုံးဝ မဟုတ်ဘူး။ ဒေတာ ကိန်းဂဏန်းတွေအရတော့ များကောင်းများ လာပါလိမ့်မယ်။ သို့သော်လည်းပဲ အပြည့်အဝ မလုပ်ဘူးတို့ မလိုက်နာဘူးတို့ ဆိုတာတွေကတော့ ဒါတွေက သူတို့ ဘာမှ မသိပဲနဲ့ ဟိုဝှာပေါ့နော်။ စားပွဲပေါ်မှာ ရေးတဲ့ အကြံပြုချက်တွေပဲလို့ ကျနော်ကတော့ အဲ့လိုပဲ ပယ်ချချင်ပါတယ်။ သူက ဘယ်အချက်အလက်ပေါ် ကြည့်ပြီး တိုးတယ်လို့ပြောလဲ မသိဘူး။ ကျနော်တို့ တိုင်းတာတဲ့အခါမှာ NNCC (the China National Narcotics Control Commission) တရုတ်အဖွဲ့လည်း တိုင်းတာတာပဲ။ UNODC လည်း တိုင်းတာတာပဲ။ တိုင်းတာတော့ ကျနော်တို့ NNCC ရဲ့ အစီရင်ခံစာတွေမှာဆို ဧက ဟက်တာ ၂၀၀လောက် ကျသွားတယ်လို့ ဖော်ပြထားတာပဲ။ သူက ဘယ်လိုလုပ် တိုးတယ်ပြောလည်း မသိဘူး။ မလိုက်နာဘူးတို့ ဘာတို့ကတော့ လုံးဝ မဟုတ်ဘူးဗျ။ ကျနော်တို့ လုပ်ကိုင်နေကြတာပဲလေ။ ခွန်အားရှိသမျှ။ စွမ်းအားရှိသမျှပေါ့နော်။ ဆောင်ရွက်နေကြတာပဲပေါ့။ "

မေး။ ။ ရှမ်းပြည်နယ်ထဲမှာဆိုရင် မြန်မာအစိုးရကနေပြီးတော့ ပြည်သူ့စစ်တွေ ဖွဲ့ထားတာ ရှိတယ်လေ။ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက် မှာပေါ့။ အဲဒီပြည်သူ့စစ်တွေကို လုပ်ပိုင်ခွင့် ပေးထားတာကြောင့် မို့လို့ အဲ့ဒီ့နယ်မြေတွေမှာ ဘိန်းတွေက အထွက်တိုးနေတာလား ။ အဲဒါ ဘယ်လိုကြောင့်လဲ။

" အဲ့တာလေးကတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ကျနော်တို့လည်း လက်ခံပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းက လုပ်တယ်လို့တော့ ကျနော်တို့က မဆိုလိုပါဘူး။ အဲ့ဒီ့နေရာတွေက ကျနော်တို့က အုပ်ချုပ်မှု အာဏာပေါ့ မသက်ရောက်တဲ့နေရာတွေရှိတယ်။ ကျနော်တို့တွေ သွားချင်တိုင်း သွားလို့မရတဲ့နေရာတွေ ရှိတယ်လေ။ အဲ့လိုနေရာမျိုးတွေကျတော့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတယ်။ တောတောင်ထူထပ်တယ်။ အဲ့သလိုနေရာတွေ အကြောင်းပြုပြီးတော့ လွတ်လပ်ပြီး လုပ်တဲ့သူတွေတော့ ရှိမှာပေါ့လေ။ လူပုဂ္ဂိုလ်တွေရှိမှာပေါ့။ အဲ့ဒီ့နေရာမှာ ဒီအဖွဲ့တွေက လုပ်တယ်လို့တော့ ကျနော် မဆိုလိုဘူး။ အဲ့တာမျိုးတွေကတော့ ရှိနိုင်တယ်။ ရှိလည်း ရှိမယ်လို့ ယုံကြည်တယ်လေ။ အဲ့တာမျိုးကျတော့ ကျနော်တို့က အင်ဖော်မေးရှင်းရတယ်။ ဆိုရင် တပ်မတော်နဲ့ပူးပေါင်းပြီးတော့ အဲ့ဒီ့နေရာတွေအထိရောက်အောင်။ ကျနော်တို့ မူးယစ်တပ်ဖွဲ့အနေနဲ့ဆိုရင် သွားမရဘူးပေါ့။"

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ ၂၀၁၃ခုနှစ်ကစပြီး ဘိန်းစိုက်ဧက ပိုတိုးလာတယ်လို့ ထောက်ပြထားပါတယ်။ မြန်မာတနိုင်ငံလုံးမှာ စိတ်ကြွဆေး ပျံ့နှံ့ရောင်းဝယ်နေကြတယ်ဆိုတဲ့ အချက်ကိုမြန်မာနိုင်ငံမူးယစ် တိုက်ဖျက်ရေးအဖွဲ့က တတ်နိုင်သလောက် လုပ်နေတယ်လို့ ရဲမှူးချုပ်ကျော်ဝင်းက ပြောပါတယ်။

"အဲ့တာ နမူနာပြောရလို့ရှိရင် လောက်ကိုင်ဒေသမှာဆိုရင် တရားခံပေါင်း ၃၈ဦး ရတယ်ပေါ့နော်။ အခု လတ်တလော တိုက်ပွဲအတွင်းမှာ ဒီဟာမှာ ကြည့်လိုက်လို့ရှိရင် စိတ်ကြွဆေးပြားက ခုနှစ်သိန်းကျော်လောက် ရတယ်။ အိုက်စ်ဆိုလို့ရှိရင်လည်း ကီလို တစ်ထောင့်နှစ်ကျော်ရတယ်ဆိုတော့ ဒါက တပ်မတော်က စစ်အုပ်ချုပ်ရေး ကွပ်ကဲနေတဲ့အချိန်ကျတော့ ဒါ ကျနော်တို့ အလွယ်တကူပဲ ဖော်ထုတ်လို့ရတယ်။ ဖမ်းဆီးလို့ရတယ်။"

မြန်မာနိုင်ငံဟာ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပေမယ့် ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေကို ပိုပြီး လက်လှမ်းမီအောင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းတာမျိုး မရှိဘူးလို့ အမေရိကန် ကွန်ဂရက် လွှတ်တော်ကို မနေ့တုန်းက တင်သွင်းတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျုဟာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

NGOs တွေနဲ့ သတင်းမီဒီယာတွေကဖေါ်ပြတဲ့ ခိုင်လုံတဲ့အချက်အလက်တွေအရ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေမှာ အလယ်အလတ်အဆင့် စစ်ဖက်နဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတာ တွေ့ရပေမယ့် ဗိုလ်မှူးကြီး အဆင့်ထက်မြင့်တဲ့ အရာရှိတွေကို အရေးယူတာမျိုး မရှိဘူးလို့ အဲဒီ အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်နှစ် အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ ကို အားပေးတဲ့အနေနဲ့ ၃ နှစ် ဆက်တိုက်အဖြစ် ပိတ်ဆို့ ပြစ်ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးမှာ ဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ဘိန်းစိုက်ပျိုးမှု တိုင်းတာစစ်ဆေးတဲ့ လုပ်ငန်းတွေ အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆက်လက် အားပေးမှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG