သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒဏ်ခတ်မှု ပစ်မှတ်မထိ


 အရှေ့တောင် အာရှ နိုင်ငံများ အသင်း (Asean) ရဲ့ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲ တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ။ (သြဂုတ် ၁၀၊ ၂၀၁၄)။
အရှေ့တောင် အာရှ နိုင်ငံများ အသင်း (Asean) ရဲ့ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲ တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ။ (သြဂုတ် ၁၀၊ ၂၀၁၄)။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရေးယူ ဒဏ်ခတ်မှုစာရင်းမှာ ပါဝင်နေသူတဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ မလွဲှသာ မရှောင်သာ တည်းခိုခဲ့ရတာ သာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှင်းလင်းချက် ထပ်မံထုတ်ပြန် လိုက်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ ဒဏ်ခတ်မှု စာရင်းမှာ ပါဝင်နေသူတွေကို အမည်စာရင်း ပယ်ဖျက်ဖို့ စဉ်းစားနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း (Asean) ရဲ့ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်နေစဉ် ဒဏ်ခတ်ထားတဲ့ လုပ်ငန်းရှင် တဦးရဲ့ ဟိုတယ်တခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တည်းခိုခဲ့တဲ့ အတွက် ဝေဖန်စရာတွေ ဖြစ်ခဲ့ရတဲ့အပေါ် အမေရိကန် တာဝန်ရှိသူတွေ ထပ်မံရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာလုပ်ငန်းရှင် Max ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ Lake Garden ဟိုတယ်မှာ တည်းခိုဖို့ မြန်မာတာဝန်ရှိသူတွေ စီစဉ်ထားတာကို ပြင်ဆင်ပေးဖို့ ပြောဆိုခဲ့ပေမဲ့ နေရာအခက်အခဲကြောင့် ဝန်ကြီးကယ်ရီ တည်းခိုခဲ့ရတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Marie Harf က မနေ့က ဝါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

“ဟိုတယ်ပြောင်းပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ခဲ့ပါဘူး။ နေပြည်တော် ကို ရောက်ဖူးတယ် ဆိုရင် သိကြမှာပါ။ လူတွေအများကြီးနဲ့ ညီလာခံတွေ၊ ကိုယ်စားလှယ်အဖွဲ့တွေနဲ့၊ နေရာက သိပ်မကြီးလှပါဘူး။ ကျမတို့မှာလည်း အတိအကျ လိုက်နာဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဝန်ကြီးနဲ့ ကိုယ်စားလှယ် အဖွဲ့မှာ လူတွေ ဘယ်လောက်များများ ပါတယ်ဆိုတာ၊ လိုက်သွားဖူးတဲ့သူတွေ သိကြမှာပါ။ ကျမတို့ အရေးယူ ဒဏ်ခတ်မှုတွေ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းမှုတွေ မှေးမှိန် သွားစရာ အကြောင်းလည်း မရှိဘူးဆိုတာကလည်း ရှင်းပါတယ်။”

မကြာသေးခင်နှစ်တွေကစလို့ အပြောင်းအလဲတွေ လုပ်ဆောင်လာတဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံလာနေတဲ့ အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးထားပေမဲ့ ဒဏ်ခတ်မှုတချို့ကိုတော့ ဆက်လက်ထားရှိဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီ ပစ်မှတ်ထား အရေးယူခဲ့တာတွေ၊ အခုအခါ လျှော့ပေါ့ပေးလာနေတာတွေဟာ လက်တွေ့ကျတဲ့ မူဝါဒတွေမှ ဟုတ်ပါရဲ့လားဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။ ရေထွက်ပစ္စည်း လုပ်ငန်းရှင် ဦးနှင်းဦးကတော့ ဒဏ်ခတ်မှုတွေဟာ ပစ်မှတ်ထားသလောက် မထိရောက်တာတွေ ရှိခဲ့တယ်လို့ မြင်ပါတယ်။

“ Sanctions ပိတ်ဆို့တယ်ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာ ကျနော်တို့ စီးပွားရေးတွေလည်း အမေရိကန် Sanctions ကြောင့်လည်း ကျနော် တို့ ဒုက္ခရောက်ခဲ့တာပဲ။ ကျနော်တို့ အားလုံး Industry တခုလုံးက ယိုင်လဲပြီးတော့ ဘာမှလုပ်လို့မရဘူးလေ။ တကယ်လုပ်တဲ့သူက သူ့ဘာသာသူ ချမ်းသာသွားကြတယ်။ Sanction လုပ်တာက တကယ်ဆင်းရဲတဲ့သူတွေ၊ မှန်မှန်ကန်ကန်လုပ်တဲ့သူတွေပဲ ထပ်မွဲသွားတယ်။ ဒါက လက်တွေ့အဖြေတခုကို ပြောပြတာ။ ကျနော်က ဘာမှ အားပေးခြင်း၊ ကန့်ကွက်ခြင်း မရှိပါဘူး။ ဘာမှလည်း မသုံးသပ်လိုဘူး။ ဒါပေမဲ့ အဖြေက အဲ့သလိုထွက်တယ်။

Sanctions ထပ်လုပ်ခြင်း၊ မလုပ်ခြင်းက သူ့သဘောပဲ။ မူလထုတ်တဲ့သူရဲ့ သဘောထားပဲ။ သူကျေနပ်ရင် ပေးလိုက်။ မကျေနပ်ရင် မပေးနဲ့ ဒါပဲ ရှိတာပဲ။ ကျနော်တို့ အရပ်ဖက်မှာတော့ မြင်ရတာတော့ ဘာမှ ကျနော်တို့ဘက်မှာ Inpact မလာဘူး။ ဒီလူတွေ လုပ်ထားတာ အရင်လုပ်ထားတာတွေရှိတယ်။ အခုသူတို့က တိုင်းပြည်အပြောင်းအလဲနဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ ဘယ်လောက် Constitution ရှိလည်း သူတို့သုံးသပ်လိုက်မယ်။ သူတို့ပေတံနဲ့တိုင်းပြီး ပေးသင့်၊ မပေးသင့် သူတို့ပဲ ဆုံးဖြတ်ရမှာလေ။”

ဒဏ်ခတ်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာစစ်တပ် အရာရှိတွေ၊ စီးပွားရေး သမားတွေ အပါအဝင် လူတချို့ကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့၊ စီးပွားရေးအရ ဆက်ဆံမှုတွေ မလုပ်ဖို့လည်း အမေရိကန်က ဆက်လက် တားမြစ်ထားတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ တားမြစ်ခံ ထားရသူတွေထဲက တချို့ကို ပယ်ဖျက်ဖို့၊ ဒါမှမဟုတ် စာရင်းထပ်သွင်းဖို့ အမေရိကန် က လေ့လာနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

နာမည်ကျော် စီးပွားရေးစာစောင် တခုဖြစ်တဲ့ Wall Street Journal ကတော့ ဒဏ်ခတ်ခံထားရတဲ့သူတွေ အနေနဲ့ အမေရိကန်ရဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ လိုက်နာကျင့်ကြံပြီး နာမည်ပျက် စာရင်းထဲမှာ မပါအောင် ကြိုးစားကြဖို့ တိုက်တွန်းထားတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကား ဖော်ပြခဲ့ပါတယ်။

ဇွန်လနှောင်းပိုင်းမှာတုန်းကလည်း နာမည်ပျက်စာရင်းဝင် စီးပွားရေး သမားတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ရန်ကုန်မှာ တွေ့ဆုံခဲ့သလို၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာလည်း ရှေ့လထဲ မြန်မာနိုင်ငံကို သွားတဲ့အခါ ဒီကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG