သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး မြန်မာသမ္မတနဲ့တွေ့ဆုံ


အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ်။ အောက်တိုဘာ ၁၈၊ ၂၀၁၂။
အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ်။ အောက်တိုဘာ ၁၈၊ ၂၀၁၂။
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns ဟာ ဒီကနေ့ နေပြည်တော်မှာရှိတဲ့ မြန်မာ သမ္မတဦးသိန်းစိန်
အပါအဝင်မြန်မာအစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ရော၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုဟာ ရလဒ်ကောင်းတွေရှိပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီအကြောင်း စုံစမ်း မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns ဟာ သမ္မတဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေ နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။
ဒီကနေ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ခုလို ပြောပါတယ်။

“ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns ဟာ နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ လွှတ်တော်အမတ်တွေကို တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကောင်းမွန်ပြီး အကျိုးအမြတ်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့သလိုပဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား အရေးပါတဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုတွေ အတွင်း နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ရှေ့တိုး ဆောင်ရွက်ရင်း နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်လာတဲ့ မိတ်ဖက် ဆက်ဆံရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးချိန်ကစလို့ သိသာထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေရဲ့ ထင်ဟပ်မှုပါပဲ။”

မစ္စတာ ဘန်းစ် ဟာ သမ္မတ ဦးသိန်းစိန်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေးဝန်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် စတဲ့ အစိုးရပိုင်းက ထိပ်တန်း အရာရှိတွေအပြင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပါ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဘန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန် အမေရိကန် သံရုံးကလည်း ဒီကနေ့ပဲ ကြေညာချက် တရပ် ထုတ်ပြန်ထားပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေး ထောက်ခံတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံသားတွေရဲ့ သမိုင်းဝင် အသွင်ကူးပြောင်းမှု လုပ်ငန်းတွေ အောင်မြင်ရေး ကူညီ ပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အကြောင်းလည်း ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ တိုးတက်ပြောင်းလဲမှုတွေ နဲ့ ပတ်သက်လို့ အားတက်စရာ ဖြစ်ပေမဲ့ ရှေ့ဆက် ပြုပြင် ပြောင်းလဲစရာတွေ အများကြီး ရှိနေသေးတဲ့အကြောင်းနဲ့ အမေရိကန် အစိုးရဘက်ကတော့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက် တခုတိုင်းကို အဲဒီလုပ်ဆောင်ချက်နဲ့ အညီ ပြန်လည် တုံ့ပြန်သွားမယ် ဆိုတဲ့အကြောင်းလည်း အမေရိကန်ပြည်ထောင်စုက အစောပိုင်းကတည်းက ပြောဆိုထားပါတယ်။

တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှု ရှိဖို့၊ တိုင်းရင်းသားလူမျိုးတွေနဲ့ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ နဲ့ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ ကိစ္စတွေကို ရှေ့ဆက် ဆောင်ရွက်ဖို့ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG