သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေး ဝန်ကြီးကယ်ရီ အစ္စရေး ထပ်မံရောက်ရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စရေးဝန်ကြီးချုပ် တွေ့ဆုံ၊ (ဇန်နဝါရီ ၂၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စရေးဝန်ကြီးချုပ် တွေ့ဆုံ၊ (ဇန်နဝါရီ ၂၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဆွေးနွေးပွဲလုပ်ဖို့အတွက် အစ္စရေးနိုင်ငံကို ထပ်ပြီး သွားရောက်နေပါတယ်။ အဲဒီမှာတော့ အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ လုပ်ဆောင်နေရာမှာ အဓိကဖြစ်နေတဲ့ အကြောင်းရပ်တွေအတွက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အဆိုပြုချက်တွေ ပါဝင်သွားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်စနိုင်ဖို့ သူ့ ကြိုးပမ်းမှုတွေအပေါ်မှာ အဟန့်အတားတွေ ဖြစ်နေတဲ့ကြားမှာပဲ အခုနောက်ဆုံးခရီးစဉ် ထပ်ဖြစ်လာတာပါ။ ဂျူးအခြေချနေရာတွေကိစ္စ၊ အစ္စရေးတပ်တွေ လုံခြုံရေးယူထားတဲ့ အနောက်ဖက်ကမ်း ပါလက်စတိုင်းဖက်ခြမ်း လုံခြုံရေးအစီအမံတွေနဲ့ပတ်သက်ပြီး အဆိုပြုချက်တွေအပေါ် အဖြေရဖို့ နှစ်ဖက်စလုံးက ရပ်တည်ချက်တွေ အတော်လေးကို အခက်အခဲဖြစ်နေတာပါ။

အစ္စရေးကို မစ္စတာကယ်ရီရောက်ပြီးနောက်မှာပဲ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန်ေနေတန်ညာဝူးက မစ္စတာကယ်ရီကို ပြောရာမှာတော့ ပါလက်စတိုင်းတွေဖက်က ငြိမ်းချမ်းရေးရဖို့ ပိုင်းဖြတ်ချက်ရှိမရှိဆိုတဲ့အပေါ် အစ္စရေးမှာ သံသယတွေ ပိုကြီးလာတယ်လို့ ပြောသွားပါတယ်။ ပါလက်စတိုင်း တာဝန်ရှိသူတွေဖက်က တုန့်ပြန်ချက်တော့ ထွက်မလာသေးပါဘူး။

မစ္စတာကယ်ရီဟာ အခု ခရီးစဉ်အတွင်းမှာပဲ ပါလက်စတိုင်း သမတ မာမွတ်အာဘစ်နဲ့ ရာမလာမှာ တွေ့ဆုံဖို့ရှိပါတယ်။ အစ္စရေးလုံခြုံရေးအတွက် အမေရိကန်ဖက်က ပိုင်းဖြတ်ချက်ရှိသလိုပဲ ၊ ငြိမ်းချမ်းရေး သဘောတူညီမှု ဆိုတာဟာလည်း မဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။
XS
SM
MD
LG