သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် ၂ ဦး အီဂျစ်သွားဖို့ အိုဘားမားညွန်ကြား


အီဂျစ်နိုင်ငံအတွင်း နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ အမေရိကန် အကြီးတန်း အထက်လွှတ်တော်အမတ် ၂ ဦးကို အီဂျစ်နိုင်ငံကို သွားရောက်ဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုလိုက်ကြောင်း အထက်လွှတ်တော် အမတ်တွေက ပြောပါတယ်။

အထက်လွှတ်တော်အမတ် လင်ဆေး ဂရာဟမ် (Lindsay Graham) က သူနဲ့ ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) တို့ဟာ သူတို့ရဲ့ ခရီးစဉ်က အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုရင် အီဂျစ်နိုင်ငံကို သွားရောက်ကြဖို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။ ဂရာဟမ် နဲ့ မက်ကိန်းတို့ ၂ ဦး စလုံးဟာ အထက်လွှတ်တော်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့များရေးရာ ကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

အီဂျစ်နိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အရေးအခင်းတွေကြောင့် အမေရိကန်ကနေ အီဂျစ်နိုင်ငံကို နှစ်စဉ် ထောက်ပံ့ပေးနေတဲ့ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံ ဆက်လက် ပေးရေးကိစ္စမှာ မေးခွန်း ထုတ်စရာတွေ ဖြစ်နေပါတယ်။

သမ္မတ အိုဘားမား အစိုးရကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အီဂျစ်သမ္မတ မိုဟာမက် မော်စီကို ဖြုတ်ချခဲ့မှုအပေါ် စစ်အာဏာ သိမ်းတယ်လို့ မသတ်မှတ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေး အထောက်အကူတွေ ဆက်ပေးဖို့ ခွင့်ပြုထားကြောင်း ပြောပါတယ်။
ဇူလိုင်လ ၃ ရက်နေ့က မိုဟာမက် မော်စီကို ဖြုတ်ချခဲ့ပြီးတဲ့နောက်ပိုင်း အီဂျစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ပြီး အဲ့ဒီအထဲမှာ အများစုဟာ သမ္မတဟောင်း မော်စီကို
ထောက်ခံသူတွေ ဖြစ်ကြပါတယ်။
XS
SM
MD
LG