သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လွတ်လပ်ရေးနေ့ အမေရိကန် သဝဏ်လွှာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry မြန်မာနိုင်ငံ ခရီးစဉ်။ (သြဂုတ် ၁၀၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry မြန်မာနိုင်ငံ ခရီးစဉ်။ (သြဂုတ် ၁၀၊ ၂၀၁၄)

မြန်မာနိုင်ငံရဲ့ ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ မှာ မြန်မာပြည်သူတွေပျော်ရွှင်ချမ်းမြေ့စေဖို့ သမ္မတ အိုဘားမားနဲ့ တကွ အမေရိကန် ပြည်သူတွေကိုယ်စား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆုတောင်းလိုက်ကြောင်း သောကြာနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီ နည်းကျပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီးပွါးရေးဖွံ့ဖြိုးတဲ့ ခေတ်မီ တိုးတက်တဲ့ နိုင်ငံဖြစ်လာရေး အတွက် ဆက်ပြီးပြုပြင် ပြောင်းလဲမှုတွေ လုပ်နေသရွေ့ အမေရိကန်ပြည်ထောင်စုက ပံ့ပိုးကူညီမှု ပေးနေမယ် ဆိုတာကို ဒီလိုနေ့ထူးနေ့မြတ်မှာ ထပ်ပြီး ကတိပေးပါကြောင်း ဝန်ကြီး ကယ်ရီက ပြောကြား လိုက်သလို မြန်မာနိုင်ငံသားတွေ တောင့်တနေတဲ့ ဆန္ဒတွေ ပြည့်ဝလာတဲ့ အနာဂါတ်မှာ အတူ လက်တွဲပြီး အောင်ပွဲခံကြမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ဝန်ကြီးကယ်ရီ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ချိန်မှာ လွန်ခဲ့တဲ့ ၁၅ နှစ် အမေရိကန် အထက်လွှတ်တော်အမတ် ဘဝနဲ့ ပထမအကြိမ် ရောက်သွားတုန်းက အနေအထားနဲ့ သိပ်ကွာပြီး အပြောင်းလဲကြီး ပြောင်းလဲနေတာကို တအံ့တသြ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ တချိန်က ၂ နိုင်ငံကြား သံတမန်ရေး၊ စီးပွါးရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ဖြစ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ထားတဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာလို့လည်း ထုတ်ဖေါ်ပြောဆို ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီခရီးအတွက် အမေရိကန်နိုင်ငံက ဘယ်အတိုင်းအတာ အထိ လက်တွဲဆောင်ရွက်နိုင်တယ် ဆိုဟာ လက်ရှိ ဒီအပြောင်းအလဲက သက်သေပြနေသလိုမြန်မာက ကမ္ဘာကို ဆက်ပြီး တံခါးဖွင့်ထားချိန်မှာ ဒီလက်တွဲဆောင်ရွက်မှုတွေကိုပိုမိုတိုးမြှင့် သွားနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

XS
SM
MD
LG