သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တင်းမာမှု အမေရိကန် စိုးရိမ်


စစ်တွေမြို့နယ်၊ ဘောဒုဖ ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။
စစ်တွေမြို့နယ်၊ ဘောဒုဖ ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။
ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီပေးနေတာတွေကို ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့အပေါ် စိုးရိမ်ပူပင်ကြောင်းနဲ့ အကူအညီတွေ ပြန်ပေးခွင့်ပြုဖို့ အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ တွင်းမှာလည်း ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြပြီး အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်င၊ံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ စိုးရိမ်တကြီး ဆက်ပြီး စောင့်ကြည့်နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောသွားတာပါ။ အထူးသဖြင့်တော့ ဘာသာရေးနဲ့ လူမျိုးရေးအရ ခွဲခြားမှုတွေ မရှိဖို့နဲ့ ပြဿနာတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ကြဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မနေ့က အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Patrick Ventrell က ပြောသွားပါတယ်။

“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေကို ဆက်ပြီး စောင့် ကြည့်သွားပါမယ်။ အခြေအနေတွေကို ထိမ်းထိမ်းသိမ်းသိမ်းကိုင်တွယ်ဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နားလည်သည်းခံဖို့၊ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့နဲ့ ဘာသာရေး လွတ်လပ်မှုတွေ ရှိစေဖို့ ဆက်ပြီး တောင်းဆိုပါတယ်။ ဒါ့အပြင် ပြဿနာတွေကို ဖြစ်နိုင်သမျှ ငြိမ်းချမ်းစွာ အဖြေ ထုတ်နိုင်ဖို့ကိုလည်း မြန်မာအစိုးရကို အစဉ်တစိုက် တိုက်တွန်းနေပါတယ်။ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို မှန်မှန်ကန်ကန် ဖော်ထုတ် အရေးယူသွားဖို့ လည်း တောင်းဆိုပါတယ်။”

ဒါ့အပြင် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် အရေးပါတဲ့ လူသားချင်း စာနာ အကူအညီပေးမှုတွေ လုပ်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ရပ်ဖို့ ဘင်္ဂလားဒေ့ရ်ှ ဘက်က ဆောင်ရွက်တဲ့အပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာသူတွေ ရိုဟင်ဂျာတွေ၊ ဒါ့အပြင် ဘင်္ဂလားဒေ့ရ်ှ- မြန်မာနယ်စပ်မှာရှိတဲ့ ဘင်္ဂလား ဒေသခံတွေကို လူသားချင်း အကူအညီတွေ ဆက်ပေးနိုင်ရေး အတွက် NGO တွေကို လုပ်ကိုင်ခွင့် ပေးဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရ်ှ အစိုးရကို တိုက်တွန်းထား ပါတယ်။

ဒီအတွက် သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ဆိုပါတယ်။ မကြာခင်ကလည်းပဲ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မွတ်ဆလင် လူမှု အသိုင်းအဝိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် Farah Pandith ဟာလည်း ဇူလိုင်လ၂၈ ရက်ကနေ သြဂုတ်လ တစ်ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ရိုဟင်ဂျာတွေ အပါအဝင် အခြား ဘာသာရေးနဲ့ လူမျိုးစုအဖွဲ့တွေ၊ မြန်မာနိုင်ငံက မွတ်ဆလင်အသိုင်းအဝိုင်းတွေ၊ ဒါ့အပြင် အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းက ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း တောက်လျှောက် တောင်းဆိုနေတာပါ။ မနေ့က ကုလ သတင်းစာ ရှင်းလင်းပွဲ မှာလည်း တရားဥပဒေစိုးမိုးရေးအတွက် ပွင့်လင်းတဲ့ စုံစမ်းမှုတွေလုပ်ဖို့ တိုက်တွန်းထားတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ Mr.Vijay Nambiar ရော၊ လူ့ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Navi Pillay ကပါ တောင်းဆိုထားပါ တယ်။ အစိုးရ အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်ဆောင်ရွက်နေတယ်၊ သမ္မတကိုယ်တိုင်ကလည်း ဒီကိစ္စကို သိမ်သိမ်မွေ့မွေ့ ကိုင်တွယ် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြောနေပေမယ့်လို့လည်း ဒီကြေကွဲစရာ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်သွားဖို့ကိုတော့ မစ္စတာ Nambiar က အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ဒီ စုံစမ်းစစ်ဆေးမှုဟာလည်း တာဝန်ခံ တာဝန်ယူမှုတွေ ရှိဖို့လိုသလို တရားဥပဒေစိုးမိုးရေးကိုလည်း ပေါ်လွင်စေရမယ်လို့ သူက ပြောထားပါတယ်။”

အခုလို တောင်းဆိုထားပေမယ့်လည်း မြန်မာဘက်က ရခိုင်ပြည်နယ်အရေး အစိုးရ သတင်း ထုတ်ပြန်ရေး တာဝန်ရှိသူကတော့ အခု ရခိုင်ပြည်အရေးကိစ္စဟာ ပြည်နယ်အရေးသာ ဖြစ်ပြီးတော့ သီးခြား စုံစမ်းစစ်ဆေးမှုတွေ လုပ်စရာလောက်အထိ မလိုအပ်ပါဘူးလို့ တုံ့ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနားရဲ့ တောင်းဆိုချက် အပေါ်မှာ တုံ့ပြန်ခဲ့တာပါ။ ဒါပေမယ့်လည်း မစ္စတာကင်တာနား မြန်မာနိုင်ငံက ပြန်ပြီး နောက်တရက်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်ဘက်မှာ မငြိမ်မသက်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။
XS
SM
MD
LG