သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တရားရုံးချုပ် တရားသူကြီး Scalia ကွယ်လွန်


အမေရိကန်နိုင်ငံတော် တရားရုံးချုပ်မှာ သက်တမ်းအကြာဆုံး တရားသူကြီး Antonin Scalia ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ တရားသူကြီး Scalia ဟာ Texas ပြည်နယ်အတွင်းက အပန်းဖြေမြို့တခုဖြစ်တဲ့ Cibolol Creek Ranch မှာ လူကြီးရောဂါနဲ့ အိပ်နေရင်း ကွယ်လွန်သွားတာလို့ ဆိုပါတယ်။

အသက် ၇၉ နှစ်ရှိပြီတဲ့ ရှေးရိုးစွဲဝါဒီ Scalia ကို ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Ronald Reagan က ၁၉၈၆ ခုနှစ်မှာ ခန့်အပ် တာဝန်ပေးခဲ့တာကြောင့် သူဟာ သက်တမ်းအကြာဆုံး တရားသူကြီးလည်း ဖြစ်ပါတယ်။ သူဟာ အီတလီနွယ်ဖွား အမေရိကန်နိုင်ငံသား တဦးအနေနဲ့ ပထမဆုံး နိုင်ငံတော် တရားသူကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရသူလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း - Scalia ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း မိသားစုထံ သမ္မတ Barack Obama က သတင်းစကား ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ဒေသစံတော်ချိန် စနေနေ့နှောင်းပိုင်းမှာ အသေးစိတ် ကြေညာချက် ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးချုပ် John Roberts က Scalia ကွယ်လွန်ကြောင်း အတည်ပြုပြောကြားရင်း - သူဟာ အင်မတန် ထူးခြားတဲ့ လူပုဂ္ဂိုလ်တဦးဖြစ်သလို ဥပဒေပညာရှင်တဦးလည်းဖြစ်ကြောင်း၊ သူ့ကို လုပ်ဖော်ကိုင်ဖက်တွေကလည်း လေးစား အမြတ်တနိုး ရှိကြကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံတော် တရားရုံးချုပ်မှာ တရားသူကြီးချုပ် အပါအဝင် တရားသူကြီးပေါင်း ၉ ဦး ရှိပါတယ်။ ကွယ်လွန်သူ တရားသူကြီး Antonin Scalia ရဲ့ နေရာမှာ ဘယ်သူ့ကို အစားထိုး ခန့်အပ်မယ်ဆိုတာကတော့ သမ္မတက ဆုံးဖြတ်ရမှာဖြစ်ပြီး ဆီးနိတ် အထက်လွှတ်တော်ကနေ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ၈ ဦးသာရှိတဲ့ တရားရုံးချုပ်ကနေလည်း ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါတယ်။

XS
SM
MD
LG