သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တယ်လီဖုန်းမှတ်တမ်း အစိုးရစုဆောင်းခွင့် လွှတ်တော်အဆုံးသတ်


အကြမ်းဖက် တိုက်ခိုက်မှု ကာကွယ်နိုင်ရေးမှာ အသုံးချဖို့အတွက် အမေရိကန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနေတဲ့ တယ်လီဖုန်းမှတ်တမ်းတွေ စုဆောင်းနေမှု အဆုံးသတ်ဖို့ အမေရိကန်လွှတ်တော်က အင်္ဂါနေ့မှာ အရေးယူ ဆောင်ရွက်လိုက်ပြီ ဖြစ်ပါ တယ်။

တယ်လီဖုန်းမှတ်တမ်း စုဆောင်းတဲ့ကိစ္စကို အစိုးရက ဆောင်ရွက်ရမယ့်အစား အမေရိကန် ပုဂ္ဂလိက တယ်လီဖုန်းကုမ္ပဏီတွေကို လာမယ့် ၆ လအတွင်း လွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

အောက်လွှတ်တော်က အတည်ပြုထားပြီဖြစ်တဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော် ၆၇ မဲ၊ ၃၂ မဲနဲ့ အတည်ပြုပေးလိုက်တာဖြစ်ပြီး လက်မှတ်ထိုး အတည်ပြုဖို့အတွက် သမ္မတ Barack Obama ထံ ပို့လိုက်ပြီ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းသစ်တွေဟာ ပြည်သူ့အခွင့်အရေးတွေနဲ့ အမျိုးသားလုံခြုံရေးတွေကို အကာကွယ်ပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ ဥပဒေသစ်ကို အမြန် လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားကလည်း Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အသစ်ပြင်ဆင်ပြဌာန်းမယ့် ဥပဒေအရ ဘယ်ဖုန်းနံပတ်တွေကို ဘယ်နေ့မှာ ခေါ်တယ်၊ ဘယ်လောက်ကြာတယ် စတဲ့ အချက်တွေကို အစိုးရအနေနဲ့ သိခွင့်ရှိမှာ ဖြစ်ပေမဲ့ ဘာတွေပြောတယ် ဆိုတာကိုတော့ သိခွင့်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ NSA အမျိုးသားလုံခြုံရေးအေဂျင်စီ အနေနဲ့လည်း တရားရုံးရဲ့ ခွင့်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာ အမှုတခုချင်းစီရဲ့ အခြေအနေလိုက် အချက်အလက်တွေကို ရှာဖွေ စစ်ဆေးခွင့် ရှိမှာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ al-Qaida အဖွဲ့က အမေရိကန်နိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း ရေးဆွဲ ပြဌာန်းခဲ့တဲ့ ဒီတယ်လီဖုန်းမှတ်တမ်းများ စောင့်ကြည့်စုဆောင်းမှု အစီအစဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည သန်းခေါင်အချိန်မှာ သက်တမ်း ကုန်ဆုံးသွားပြီးကတည်းက ထပ်မံ သက်တမ်းတိုးနိုင်ခဲ့ခြင်း မရှိတဲ့အတွက် ကြားထဲမှာ ၂ ရက်လောက် လစ်ဟာသွားခဲ့တာဖြစ်ပြီး ဒီအစီအစဉ်သစ်ကို မကြာခင်မှာ စတင်နိုင်ဖို့ ရှိပါတယ်။

XS
SM
MD
LG