သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် စစ်ရေး အရေးယူနိုင်ဖို့ ကြိုတင်ပြင်ဆင်


အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃)
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃)
အမေရိကန်သမ္မတ ဘရက် အိုဘားမားအနေနဲ့ ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူဖို့ ဆုံးဖြတ်လာခဲ့ရင် အဆင်သင့် ဖြစ်နေဖို့အတွက် အမေရိကန်စစ်တပ် က ပြင်ဆင်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချတ်ဟေဂယ်လ် က ပြောဆို ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်နေတယ်ဆိုတဲ့ အထောက်ထားတွေအပေါ် ဘယ်လို တုံ့ပြန် ဆောင်ရွက်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ် နိုင်ငံတွေက သုံးသပ်မှု ပြုလုပ်နေ ကြဆဲ ဖြစ်ကြောင်း ဝန်ကြီးချတ်ဟေဂယ် က မလေးရှားနိုင်ငံကို အလည်အပတ် သွားရောက်နေစဉ် တနင်္ဂနွေနေ့မှာ ပြောကြားလိုက်တာပါ။

အမေရိကန်စစ်ဘက်နဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ဝင်တွေက ဆီးရီးယားအစိုးရက ဓာတုလက်နက် အသုံးပြုတဲ့ အပေါ် အရေးယူဆောင်ရွက်နိုင်တဲ့ နည်းလမ်း အသေးစိတ်တွေကို စနေနေ့မှာ သမ္မတ ဘရက်အိုဘားမား ထံကို ချပြ ခဲ့ကြပြီးဖြစ်ပါတယ်။

သမ္မတအိုဘားမားကလည်း အမေရိကန် ထောက်လှမ်းရေးအသိုင်းဝိုင်းက စုဆောင်းရရှိထားတဲ့ အချက်လက်တွေကို ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ကို ချပြပြီး ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ခဲ့ကြောင်း အိမ်ဖြူတော် က ပြောပါတယ်။ ဓာတုလက်နက်အရေးနဲ့ ပတ်သက်ပြီး ခေါင်းဆောင် ၂ ဦး စလုံးက စိတ်သောက ဖြစ်ကြကြောင်း ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ဒမတ်စကဒ် မြို့အနီးမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်တဲ့အတွက် လူပေါင်းရာနဲ့ချီပြီး သေဆုံးခဲ့ရတယ်ဆိုပြီး စွပ်စွဲချက်ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာမှာ ကျင်းပတဲ့ အိမ်ဖြူတော်က အစည်းဝေးကို၊ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်၊ စီအိုင်အေ အကြီးအကဲ ဂျွန်ဘရိုင်နန်၊ အမျိုးသားလုံခြုံရေး အကြံပေး ဆူဇန်ရိုက်စ် တို့ တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG