သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျေးဇူးတော်နေ့အကြို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ အိုဘားမား ကတိပေး


Paris၊ Beirut နဲ့ Tunis အစရှိတဲ့ မြို့တွေက တိုက်ခိုက်မှုတွေကို သူတို့ စီစဉ်တိုက်ခိုက်ခဲ့တာပါလို့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ပြောဆိုလိုက်ပြီးတဲ့နောက် အခုသီတင်းပတ်ကုန် ကျေးဇူးတော်နေ့ အခါသမယ အားလပ်ရက်မှာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု မရှိစေရဘူးလို့ အမေရိကန် ပြည်သူတွေကို သမ္မတ ဘရက်ခ် အိုဘားမား က အာမခံချက်ပေးလိုက်ပါတယ်။

သမ္မတ အိုဘားမားက အမေရိကန် ပြည်သူလူထုထံကို ၆ မိနစ်ကြာ ထုတ်ပြန်တဲ့ ဗုဒ္ဓဟူးနေ့ ကြေညာချက်မှာ အမေရိကန်ပြည်ထောင်စု အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေး၊ စစ်တပ်၊ ထောက်လှမ်းရေးနဲ့ ရဲတပ်ဖွဲ့တွေဟာ ပြည်တွင်းကော ပြည်ပမှာပါ ဖြစ်နေတဲ့ ခြိမ်းခြောက်မှုတွေကို တချိန်လုံး စောင့်ကြည့်နေပါတယ်လို့ ပြောကြားပါတယ်။

တကယ်တိကျသေချာတဲ့ ယုံကြည်ရတဲ့ ခြိမ်းခြောက်မှုမျိုး ကြုံရပြီဆိုရင် ပြည်သူလူထုကို အသိပေးမှာ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ကိုယ်လုပ်စရာရှိတာကို ပုံမှန်အတိုင်း နိုးနိုးကြားကြား လုပ်ကိုင်နိုင်စေဖို့အတွက် လုပ်ရိုးလုပ်စဉ်ဖြစ်ပါတယ်လို့ သမ္မတက ပြောပါတယ်။

သမ္မတဟာ အမိမြေလုံခြုံရေးဝန်ကြီး Jeh Johnson, FBI ညွှန်ကြားရေးမှူး James Comey ရှေ့နေချုပ် Loretta Lynch တို့ ခြံရံပြီး IS အစ္စလာမ်မစ် စစ်သွေးကြွတွေအပေါ် တိုက်ခိုက်ချေမှုန်းနေတဲ့ အောင်မြင်မှု အခြေအနေတွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ၈,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ကျေးဇူးတော်နေ့ အခါသမယ ပွဲကျင်းပဖို့အတွက် သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေဟာ ခရီးသွားကြပါတယ်။ လေဆိပ်တွေ၊ မီးရထား ဘူတာရုံတွေနဲ့ မြို့တော် ဝါရှင်တန်ဒီစီမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် စီစဉ်ထားတာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ အားလပ်ရက်မှာ ပုံမှန်အတိုင်း လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ကြဖို့နဲ့ အမိမြေလုံခြုံရေးဌာနဟာ သတိဝိရိယ ကြီးကြီးထားပြီး လုပ်ဆောင်နေပါတယ်လို့ သမ္မတက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

နိုင်ငံတော် ကျေးဇူးတော်နေ့ အဖြစ် အိမ်ဖြူတော်ရဲ့ နှင်းဆီဥယျာဉ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ သမ္မတ အိုဘားမားက ကြက်ဆင် ၂ ကောင် ဘေးမဲ့လွှတ်ပေးလိုက်ပါတယ်။ ဒီအခမ်းအနားဟာ အမေရိကန် မိသားစုတွေအတွက် နွေးထွေးမှု၊ လုံခြုံမှု၊ ကျန်းမာစေမှု စတာတွေအတွက် ဆုမွန်တောင်း အစဉ်အလာအရ ပြုလုပ်တဲ့ ကျေးဇူးတော်နေ့ အခမ်းအနား ဖြစ်ပါတယ်။ ကြက်ဆင် ၂ ကောင်ဟာ ၁၈ ပတ်အရွယ်ဖြစ်ပြီး အလေးချိန်က ပေါင် ၄၀ ရှိပါတယ်။

XS
SM
MD
LG