သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကူးသန်း ဝန်ဆောင်ရုံး ရန်ကုန်မှာ ဖွင့်မည်


အမေရိကန်သမ္မတ Obama နဲ့ ကန်-ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Penny Pritzker ။
အမေရိကန်သမ္မတ Obama နဲ့ ကန်-ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Penny Pritzker ။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာကုန်သွယ်မှု စီမံခန့်ခွဲရေးရုံးကို မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
Johns Hopkins တက္ကသိုလ်က SAIS (SAIS (Paul H. Nitze School of Advanced International Studies ) သုတေသနဌာနမှာ ကြာသပတေးနေ့ က ပြုလုပ်တဲ့ “အာရှပစိဖိတ်ဒေသ အမေရိကန် အနာဂါတ် စီးပွါးရေး ဆိုင်ရာ ဟောပြောပွဲ” မှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker က အခုလိုပြောကြားလိုက်တာ ဖြစ်ပြီး ဇွန်လထဲမှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံတွင်း စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက် မှုတွေကြောင့် နှစ်ပေါင်း အတော်ကြာ အမေရိကန်က စီးပွါးရေး ပိတ်ဆို့ အရေးယူတာ ခံနေရတဲ့ မြန်မာနိုင်ငံအတွက် အစိုးရသစ် တက်လာတဲ့ နောက်ပိုင်းမှာ လက်နက်ကလွဲပြီး စီးပွါးရေးကဏ္ဍ အတော်များများကို ပြန်လည်ပြီး ရုတ်သိမ်းပေးနေရာကနေ အခု အမေရိကန်ဘက်က စီးပွါးရေးဆိုင်ရာ နောက်တဆင့်တိုးပြီး ဆောင်ရွက်လာတာဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသနဲ့ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ မူဝါဒချ လုပ်ဆောင်နေတဲ့ သမ္မတအိုဘားမား ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလထဲမှာ လာရောက်မှာဖြစ်ပါတယ်။ ဝန်ကြီး Pritzker ကတော့ ဇွန်လထဲမှာ သွားရောက်မှာဖြစ်ပြီး အခုလို သွားရောက်ရာမှာ CEO လို့ခေါ်တဲ့ အမေရိကန် စီးပွါးရေး လုပ်ငန်းကြီးတွေက အကြီးအကဲတွေဖြစ်တဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ အတူ သွားရောက်မယ်လို့ ဟောပြောပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကျမဒီကနေ့ ဝမ်းမြောက်ဝမ်းသာ ကြေညာမှာက ဇွန်လထဲမှာ အမေရိကန်- အာဆီယံ စီးပွါးရေးကောင်စီနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အတူ ကျမ အရှေ့တောင်အာရှကို သွားမယ့်အကြောင်းပါ။ ဟနွိင်း (Hanoi)မြို့နဲ့ မနီလာ (Manila) မြို့အပြင် မြန်မာနိုင်ငံကိုပါ သွားမှာပါ။"

ကမ္ဘာ့လူဦးရေထက်ထက်လောက်နေထိုင်တဲ့ အရှေ့တောင်အာရှ ဒေသဟာ ကမ္ဘာပေါ်မှာ စီးပွါးရေး ဖွံ့ဖြိုးမှု အလျှင်မြန်ဆုံးဖြစ်သလို အမေရိကန်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုလိုလားသူ လူလတ်တန်းစား အများစုပါ ဒီဒေသတွင်းမှာ ရှိနေတာမို့ အမေရိကန်က စီးပွါးရေးမှာ တိုက်ရိုက်ရင်းနှီးမြှပ်နံှမှုတွေကို တိုးမြှင့်နိုင်ဖို့ ကြိုးစားနေတာဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှပ်နှံရာမှာ အဆင်ပြေစေဖို့အတွက် အရှေ့တောင် အာရှဒေသထဲက ဒီမိုကရေစီလမ်းပေါ် အခုမှ ပြန်ပြီး လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံ မှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲရေးရုံးတွေကို ပထမဆုံး ဖွင့်လှစ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

"ကျမတို့ရဲ့ နိုင်ငံရပ်ခြား ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှု ရုံးအသစ်တွေကို တရုတ်နိုင်ငံ Wuhan မြို့နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့တွေမှာ ရုံး ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှပစိဖိတ်ဒေသတလွှား နောက်ထပ် ၁၀နေရာမှာပါ ဖွင့်ဖို့ စီစဉ်ထားပါတယ်။"

စီးပွါးရေး ရင်းနှီးမြှုပ်နံှမှုတွေ ရေရှည်ခိုင်မာစေဖို့အတွက် အာရှပစိဖိတ်နိုင်ငံတွေနဲ့ အမေရိကန်က ဘက်စုံပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး အာဆီယံကတော့ အမေရိကန်ရဲ့ အရေးအပါဆုံး စီးပွါးရေးမိတ်ဘက် အဖြစ်ရှိနေတာပါ။

အာဆီယံဟာ ကမ္ဘာမှာ အမေရိကန်ရဲ့ စတုတ္ထမြောက် အကြီးဆုံး စီးပွါးရေးကုန်သွယ်ဖက်ဖြစ်တာမို့ အခု အမေရိကန်အစိုးရက E3 လို့လူသိများတဲ့ Expanded Economic Engagement initiative စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးလုပ်ဆောင်မှုတွေ ကိုစတင်လိုက်ပြီလို့လည်း ဝန်ကြီး Pritzker ကပြောပါတယ်။

" E 3 ကနေတဆင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက အရာရှိတွေကို ကုန်သွယ်ရေးဆိုင်ရာ လိုအပ်တဲ့ သင်တန်းတွေ ပေးဖို့ရှိပါတယ်။ ဒါဟာ နိုင်ငံတွင်း ပုဂ္ဂလိကစီးပွါးရေး ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကောင်းမွန်လာအောင် အခြေအနေတွေ ဖန်တီးပေးဖို့ အထောက်အကူပေးတဲ့ သဘောပါ။ ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ အမေရိကန်နိုင်ငံရဲ့ စီးပွါးရေးအဆောက်အအုံနဲ့ အကောက်ခွန်ဆိုင်ရာ လုပ်ဆောင်မှုတွေ၊ Google လို နည်းပညာထိပ်တန်းရောက် ကုမ္ပဏီတွေနဲ့ လက်တွဲပြီး စီးပွါးရေး ခိုင်မာအောင် ဘယ်လို လုပ်ရတယ် ဆိုတာတွေကို အာဆီယံ စီးပွါးရေး ဝန်ကြီးတွေကို လက်တွေ့ ပြသခဲ့ပါတယ်။"

အမေရိကန်အစိုးရကရော လာရောက်ရင်းနှီးမြှပ်နှံမယ့် လုပ်ငန်းရှင်တွေကပါ အာဆီယံအဖွဲ့ကြီးအတွင်း ၂၀၁၅ခုနှစ်မှာ ဘုံဈေးကွက်တခု ထူထောင်နိုင်ဖို့ မျှော်လင့်နေပါတယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရဟာ သူ့နိုင်ငံက ကုမ္ပဏီတွေရဲ့ နိုင်ငံရပ်ခြားရင်းနှီးမြှပ်နှံမှုဆိုင်ရာ တွေမှာ အရင်က ထဲထဲဝင်ဝင် သိပ်ပါလေ့မရှိပါဘူး။ အခုတော့ အာဆီယံနိုင်ငံတွေမှာ အစိုးရကိုယ်တိုင် ကြီးကြပ်ပါဝင် လုပ်ဆောင်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသမှာ ဗီယက်နမ် နိုင်ငံရဲ့ လေစွမ်းအင်သုံး စီမံကိန်းအတွက် General Electirc ကုမ္ပဏီကနေတဆင့် ဒေါ်လာ ၉၄သန်း ချထားပေးတာနဲ့ စင်ကာပူအခြေစိုက် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Kepple Offshore and Marine ကုမ္ပဏီကို ဒေါ်လာ ၁၇၂သန်း ပြည်ပချေးငွေ ထုတ်ပေးတာမျိုးတွေ လုပ်ပြီး စီးပွားရေးဆိုင်ရာ တွေမှာ ပြောင်းလဲ လုပ်ဆောင်လာတာဖြစ်ပါတယ်။
XS
SM
MD
LG