သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒု-ဘဏ္ဍာရေး ဝန်ကြီး မြန်မာနိုင်ငံရောက်


အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin
အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin
မြန်မာနိုင်ငံ၊ ဘဏ္ဍရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ အကူအညီပေးဖို့အတွက် အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin ဟာ နှစ်ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ဒီကနေ့ ပဲ မြန်မာနိုင်ငံကို ရောက်လာပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ အမေရိကန် ကုမ္ပဏီတွေရဲ့ စင်ကာပူအခြေစိုက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နိုင်မှု အခြေအနေတွေ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို မေးမြန်း သွားခဲ့ပြီးတဲ့နောက် အဲဒီကနေ မြန်မာနိုင်ငံကို ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မြို့ကို ဆိုက်ရောက်လာတဲ့ အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal S. Wolin ဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ကို ထောက်ခံ အားပေးဖို့၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြင်ဆင်ချမှတ်ရေးမှာ ဒီထက်ပိုပြီးတိုးတက်အောင်လို့ အမေရိကန်ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံတို့က ပူးပေါင်း အကူအညီ ပေးသွားနိုင်အောင်လို့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုး စင်ကာပူနဲ့မြန်မာနိုင်ငံကို သွားရောက် တာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အမေရိကန် ဒုတိယဘဏ္ဍာရေးဝန်ကြီး မစ္စတာ ဝူလဲန်ဟာ ကြာသာပတေးနေ့မှာ နေပြည်တော်ကို သွားမှာဖြစ်ပြီး မြန်မာဘက်က တာဝန်ရှိ ထိပ်တန်းအရာရှိတွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။
မစ္စတာဝူလဲန်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာသမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနက်ဖြန် မနက်ကို နေပြည်တော်ကို တက်လာမယ်ခင်ဗျ။ မနက်ကိုးနာရီကနေ ညနေပိုင်းအထိကို အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ပါမယ်။ အဓိက-ကတော့ သူတို့နဲ့ ကျနော်တို့နဲ့ - သမ္မတကြီးရဲ့ အမေရိကန် ခရီးစဉ်မှာလည်း နိုင်ငံခြားရေးဝန်ကြီးတွေနဲ့၊ သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့တွေ့ပြီး ပြောခဲ့တာတွေထဲက ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ့်ထဲက အဆင့် တဆင့်ဖြစ်ပါတယ်။ ပထမအနေနဲ့ ဘဏ္ဍာရေးဖြစ်တဲ့အတွက် အဓိက-ကတော့ ဘဏ္ဍာရေး sector နဲ့၊ နောက် အမေရိကန် ဘက်က ဖြေလျှော့ပေးတာနဲ့ပတ်သက်ပြီး ကျနော်တို့ Imoprt Ban တွေ ဖွင့်ပေးလိုက်သော်ငြားလည်း လက်တွေ့မှာ finantial Sanction မှာ တချို့အချက်အလက်တွေမှာ ညိနေတာတွေ ရှိနေသေးတယ်။ Money Transaction အပါအဝင်ပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သူ့ဘက်က လုပ်ပေးရမယ့် ဟာတွေ လာညှိတာလည်း ပါမယ်လို့ ယူဆပါတယ်။”

မြန်မာသမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ပြောသွားတာဖြစ်ပါတယ်။ ဒု-ဘဏ္ဍာရေးဝန်ကြီး ဝူလဲန်ဟာ နိုင်ငံတကာ ဘဏ္ဍာရေး အထောက်အကူပြု အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ့်အပြင် ဘဏ္ဍာရေးဆိုင်ရာ ကျူးလွန်တဲ့ပြစ်မှုတွေကို တားဆီးရေး၊ ငွေဖြူ ငွေမည်း ခဝါချမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ အမေရိကန်ဘဏ္ဍာရေးဌာနက ဘယ်လို နည်းလမ်းတွေနဲ့ အကူအညီပေးနိုင်မလဲဆိုတာတွေကို ဒီခရီးစဉ်အတွင်း သိရှိအောင် လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

ဒီလို အမေရိကန် ဒု-ဘဏ္ဍာရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာပြီးတော့ မြန်မာ့ ဘဏ္ဍာရေး စံနစ် ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးနိုင်ဖို့ လုပ်ဆောင်တာဟာ နိုင်ငံကို အထူး အကျိုးများစေမယ့် ကိစ္စဖြစ်လို့ ဒီလိုခရီးစဉ်တွေကို ကြိုဆိုပါတယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွားပါ။ အရင်တုန်းက အရင်တုန်းက ဇီးရိုးအနေအထားကနေ အခု (+1) ကိုသော်လည်းကောင်း၊ (+2) ကိုသော်လည်းကောင်း something တနေရာတော့ တက်လာပြီ။ တက်လာတဲ့အတွက် အရင်တုန်းက အလုံးစုံပိတ်ထားတဲ့ အနေအထားကနေပြီးတော့ ဝမ်းရရ၊ တူးရရ ရသမျှက ကျနော်တို့ နိုင်ငံအကျိုးအတွက် ပိုပြီးတော့ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင် ဖို့ မျှော်လင့်ပါတယ်။ နောက်တချက်က ဒီ အစဉ်အဆက် ရပ်တန့်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကလည်း ဒီလို အပြန်အလှန် အရာရှိကြီးတွေ သွားလာတာနဲ့၊ သဘောထားအမြင် ဖလှယ်တာနဲ့။ သူတို့ကလည်း လာရင် ဒီဘက်က မြန်မာနိုင်ငံအကြောင်းကို လက်တွေ့ မျက်မြင်ကိုယ်တွေ့ တွေ့သွားမှာပေါ့။ အဲဒီ အခါကျရင်လည်း သူတို့ အရင်တုန်းက မြင်ယောင်ထားတဲ့အခြေအနေနဲ့ အခုလက်ရှိ အခြေအနေနဲ့ မျက်မြင်တွေ့သွားမှာပေါ့။ အဲဒီအပေါ်မှာလည်း နားလည်မှုတွေ၊ ယုံကြည်မှုတွေ တိုးမြင့်လာမယ် လို့တော့ ကျနော်တို့ဘက်က ယုံကြည်ပါတယ်။ အဲဒီတော့ နှစ်နိုင်ငံဆက်ဆံရေးကတော့ ပိုပြီး ကောင်း သထက်ကောင်းပေါ့- အဲဒီအနေအထားကို ရောက်လာမယ်လို့လည်း မျှော်လင့်ပါတယ်။”

မြန်မာသမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ပြောသွားတာပါ။ အမေရိကန် ဒု-ဘဏ္ဍာရေးဝန်ကြီး နီးလ် ဝူလဲန်ဟာ သူ့ရဲ့ခရီးစဉ်အတွင်းမှာ နိုင်ငံရေးခေါင်းဆောင်တွေအပြင် စီးပွားရေးဆိုင်ရာ မူဝါဒချမှတ် သူတွေ၊ လူထုအခြေပြု အသင်းအဖွဲ့ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် တို့၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့လို နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက တဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး ထောက်ပံ့ကူညီမှုအစီအစဉ်တွေ ပေးအပ်ရေးမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ပိုပြီးတော့ လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် ဥပဒေသစ်ကို အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားက လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပြီးတဲ့အချိန်မှာပဲ အခုလိုမျိုး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာတာလည်း ဖြစ်ပါတယ်။ ဒီလ အစောပိုင်းတုန်းကတော့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စ်နာနဲ့ အဖွဲ့ ဟာ မြန်မာနိုင်ငံကို လာရောက်သွား ပြီးတော့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံကြားမှာ ပထမဦးဆုံးအကြိမ် အဖြစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်ရှင်။
XS
SM
MD
LG