သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တက္ကသိုလ်တက်ခွင့် ဗီဇာအတုကြောင့်လူ ၂၁ ဦး ဖမ်းဆီးခံရ


တက္ကသိုလ်ကျောင်းအတုမှာ ကျောင်းတက်ဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ဆိုပြီး နိုင်ငံခြားသား အယောက် ၁၀၀၀ ကို အမေရိကန်မှာ နေခွင့်ရအောင်လို့ ပူးပေါင်းကြံစည်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ လူ ၂၁ ယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း အမေရိကန် အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

စွပ်စွဲခံထားရသူတွေအနေနဲ့ Northern New Jersey တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေ၊ စာသင်ခန်းတွေ ဒါမှမဟုတ် ဘွဲ့ရနိုင်တဲ့ အစီအစဉ်တွေ ဘာတခုမှမရှိတာကို သိကြပေမဲ့ - ဒီတက္ကသိုလ်ကို အမေရိကန် အမိမြေလုံခြုံရေးဌာနက ဖန်တီးထားတယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။

ယုံကြည်လောက်အောင် ဖော်ပြထားတဲ့ ဝဘ်ဆိုဒ်တခုနဲ့ ထူးခြားပြောင်မြောက်တဲ့ ပညာရေးအတွေ့အကြုံတခုကို ရစေရမယ်လို့ ကတိပေးထားတဲ့ တက္ကသိုလ်အတုကိုတော့ - အမေရိကန်ဗီဇာရဖို့အတွက် မမှန်မကန်လုပ်ဆောင်မှုတွေကို ဟန့်တားဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနကနေ - ၂၀၁၂ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီတက္ကသိုလ်နဲ့ပတ်သက်ပြီး ဗီဇာလွယ်တဲ့အကြောင်း သတင်းတွေထွက်ပေါ်လာရာမှာ - ဗီဇာပွဲစားတွေနဲ့ တက္ကသိုလ်တက်ဖို့ စီစဉ်ပေးသူတွေက အဲဒီ တက္ကသိုလ်ထံ ချဉ်းကပ်လာကြပြီး၊ ပွဲစားတဦးကဆိုရင် ဒါဟာ အမေရိကန် နိုင်ငံတွင်း အခြေချနိုင်ဖို့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ သူ့ကို ဝန်ခံခဲ့ကြောင်း နယူးဂျာစီအစိုးရရှေ့နေ Paul Fisherman က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီဗီဇာအတုလုပ်ငန်းကနေ အများဆုံး အကျိုးခံစားခဲ့ကြတဲ့ နိုင်ငံခြားသားအများစုဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံသားဖြစ်ကြပြီး သူတို့တတွေဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်တဲ့ ဗီဇာတွေနဲ့ ရောက်နှင့်ပြီး ဖြစ်ကြပေမဲ့ ဆက်လက်နေထိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေကို မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက သိရှိထားပြီး၊ လိုအပ်သလို ကိုင်တွယ်သွားမယ်လို့ ပြောပေမဲ့ အရေးယူမှာတော့ မဟုတ်ဘူးလို့ Fisherman က ပြောပါတယ်။ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေမှာ တရားဝင် ကျောင်းတက်နေတဲ့ ကျောင်းသားပေါင်း ၁ ဒဿမ ၂ သန်းရှိတယ်လို့လည်း New York Times သတင်းစာကို အစိုးရအရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG