သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာပေစိစစ်ရေးအဖွဲ့ ဖျက်သိမ်းဖို့ အမေရိကန် တိုက်တွန်း


ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက မြန်မာသတင်း ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းပစ်ခဲ့တဲ့အတွက် ပြည်တွင်း သတင်းထောက်တွေ စာနယ်ဇင်းသမားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက မြန်မာသတင်း ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းပစ်ခဲ့တဲ့အတွက် ပြည်တွင်း သတင်းထောက်တွေ စာနယ်ဇင်းသမားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံက စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းဖို့ အမေရိကန်နိုင်ငံက ပြောလိုက်ပါတယ်။ စာနယ်ဇင်းတွေ အနေနဲ့ စိစစ်ရေးအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက်ကိုယူပြီးမှ ထုတ်ဝေရတဲ့အဆင့်ကို မလုပ်ရတော့ဘူးဆိုပေမဲ့ အဲဒီအဖွဲ့က ဆက်ရှိ နေသေးတာမို့ ဖျက်သိမ်းဖို့ပြောတာပါ။ စာပေစိစစ်ရေးကနေ တည်းဖြတ်ပြီးမှ ထုတ်ဝေရတာမျိုး မဟုတ်တော့ပေမဲ့ သတင်း မီဒီယာဆိုင်ရာ ဥပဒေတရပ် ထွက်မလာသေးတာမို့ ဒီကြားထဲမှာ စာနယ်ဇင်းလွတ်လပ်ခွင့် ဘယ်လောက်အထိ ရှိလာမလည်း ဆိုတဲ့အပေါ်မှာလည်း မေးခွန်းထုတ်တာတွေက ရှိနေဆဲပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံက ပြည်တွင်းထုတ် စာနယ်ဇင်းတွေအနေနဲ့ တင်ထုတ်လို့ စာနယ်ဇင်းလောကမှာခေါ်ကြတဲ့ စာပေစိစစ်ရေး ဆီတင်၊ စိစစ်ရေးကခွင့်ပြုမှ ထုတ်ဝေရတာမျိုး မဟုတ်တော့ဘဲ စိစစ်ရေးဆီတင်စရာမလိုတော့ဘဲ ထုတ်ဝေနိုင်တော့မယ့် အကြောင်း စာပေစိစစ်ရေးဌာန တာန်ရှိသူတွေက စာနယ်ဇင်းတွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ အသိပေးခဲ့တာပါ။

ဒီလုပ်ရပ်အပေါ် အမေရိကန်အစိုးရက ကြိုဆိုပေမဲ့ စိစစ်ရေးအဖွဲ့ဆက်ရှိနေသေးတာကို ထောက်ပြပြီး ဖျက်သိမ်းစေချင်တဲ့ အကြောင်း ပြောတာဖြစ်ပါတယ်။ “သတင်းထောက်တွေအနေနဲ့ သူတို့ရဲ့သတင်းဆောင်းပါးတွေကို မထုတ်ဝေခင် ကြိုတင်ပြီးတော့ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနဆီ တင်သွင်းဖို့ မလိုအပ်တော့ဘူးဆိုတဲ့ မြန်မာအစိုးရရဲ့ ကြေညာချက် ကို ကျမတို့ ကြိုဆိုပါတယ်။ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်ပါ။ ဒါပေမဲ့လည်း ဆင်ဆာအဖွဲ့ကို မဖျက်သိမ်းရသေး ပါဘူး။ ဒီအဖွဲ့ဟာ စာနယ်ဇင်းတွေကို ဆက်ပြီး ကြီးကြပ် စောင့်ကြည့်နေဦးမှာဖြစ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ ဒီအဖွဲ့ကို ဖျက်သိမ်းပစ်တာကို ကျမတို့ မြင်ချင်ပါ တယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုရီးယား နူလန်းဒ် (Victoria Nuland) က တနင်္လာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

မြန်မာ့စာနယ်ဇင်းလောကမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လှုပ်လှုပ်ရှားရှားအခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဘယ်သူမှ ကြိုတင် မျှော်လင့်မထားတဲ့ အခုလုပ်ရပ်ကို စိစစ်ရေးအဖွဲ့က လုပ်လိုက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို စာနယ်ဇင်းသမားတွေ ကိုယ်တိုင်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်သူတွေက ယေဘုယျအားဖြင့် ကြိုဆိုကြပေမဲ့လည်း သတင်းလွတ်လပ် ခွင့် အပြည့်အဝမရှိသေးတာကို ထောက်ပြပြီး သတိထား ပြောဆိုကြပါတယ်။ အထူးသဖြင့်ကတော့ သတင်းမီဒီယာဆိုင်ရာ ဥပဒေတရပ် ထွက်ပေါ်မလာသေးတဲ့အတွက် ဘယ်လောက်ထိ လွတ်လပ်ခွင့်ရှိလာမလည်းဆိုတာအပေါ် သံသယရှိနေကြတာ ပါ။

ယိုဟန်း ဘီယာ (Johann Bihr) ဟာ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ကပါ။

“ဒါဟာ အရေးပါတဲ့ခြေလှမ်းတရပ်ဖြစ်ပေမဲ့ ကျနော်တို့က ဒီ့ထက်ပိုပြီး မျှော်လင့်ပါတယ်။ ဥပဒေထဲမှာ ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက်တွေပါဖို့ ကျနော်တို့မျှော်လင့်ပါတယ်။ ဒါမှသာ သတင်းထောက်တွေအနေနဲ့ သူတို့ တာဝန်ယူရမယ့်အပိုင်း၊ သူတို့ မကျော်လွန်ရမှာတွေ၊ အရေးယူခံရနိုင်တာတွေကို တိတိကျကျသိမှာဖြစ်ပါတယ်။ ခုချိန်ထိကတော့ ပြည်တွင်း စာနယ်ဇင်းတွေ ဟာ ကိုယ့်ဖာသာ ဆင်ဆာလုပ်နေရတဲ့ မှုန်ဝါးဝါး အခြေအနေအောက်မှာ ရှိနေတုန်းပါပဲ။”

ပြီးခဲ့တဲ့သီတင်းနှစ်ပတ်တုန်းကပဲ သတင်းဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းပစ်ခဲ့ သေးတဲ့ဖြစ်ရပ်ကို ဘီယာက ထောက်ပြပါတယ်။ နောက်ပိုင်းမှာတော့ စာနယ်ဇင်းသမားတွေက ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြကြပြီး တဲ့နောက် အဲဒီစာနယ်ဇင်းနှစ်ခုကို ပြန်ထုတ်ဝေခွင့်ပြုခဲ့ပါတယ်။
ယိုဟန်း ဘီယာလို မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပြည်ပကနေ စောင့်ကြည့်သူမျိုးတွေကြားထဲမှာတင် အဲဒီလိုအမြင်မျိုး ရှိတာမဟုတ်ဘဲ ပြည်တွင်း စာနယ်ဇင်းသမားတွေကိုယ်တိုင်နဲ့ လေ့လာသူတွေကြားမှာလည်း အလားတူအမြင်တွေ ရှိကြပါ တယ်။

အဲဒီထဲမှာ တဦးကတော့ 7 Days ဂျာနယ်က အမှုဆောင်အယ်ဒီတာ ကိုအားမာန်ပါ။
“ဘယ်လောက်ထိ လွတ်လပ်ခွင့်ရမလဲဆိုတာတော့ မကြာခင်ထုတ်ပြန်မယ့် ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေထွက်လာတော့မှ သိမှာပါပဲ”

ဒါဟာ မြန်မာစာနယ်ဇင်းလောကအတွက် အပြောင်းအလဲအဆင့်တခုဖြစ်တယ်လို့ ဆိုသူက မြန်မာသတင်းစာဆရာများအသင်း ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုပါ။ ဒါပေမဲ့လည်း သတင်းမီဒီယာတွေအပေါ် တင်းကျပ်ထားပြီး ခေတ်မမီတော့တဲ့ ၁၉၆၂ ခုနှစ် စာနယ်ဇင်းဥပဒေကို ပြင်ဆင်တာအပါအဝင် နောက်ထပ် အပြောင်းအလဲတွေ လုပ်ဖို့ လိုသေးတယ်လို့ သူက ထောက်ပြပါတယ်။

“စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းဖို့က ပထမအဆင့်ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ သတင်းမီဒီယာဆိုင်ရာ ဥပဒေတရပ်ကို အတည်ပြု ပြဌာန်းရပါမယ်။ ဒါပေမဲ့လည်း အဲဒီဥပဒေအသစ်ဟာ နိုင်ငံတကာစံချိန်စံညွှန်း၊ ဒီမိုကရေစီစနစ်တွေ နဲ့ ကိုက်ညီဖို့လိုပါတယ်။”

မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ်သတင်းစာတွေ၊ ရေဒီယိုတွေနဲ့ ရုပ်မြင်သံကြားတွေကို အစိုးရက ထိန်းချုပ်ထားဆဲရှိပါတယ်။ ပုဂ္ဂလိ ကအနေနဲ့ အပတ်စဉ်ထုတ် စာစောင်တွေကိုသာ ထုတ်ဝေခွင့်ရကြတာဖြစ်ပြီး ရေဒီယိုနဲ့ရုပ်မြင်သံကြားကိုလည်း ပုဂ္ဂလိက လုပ်ကိုင်ခွင့် လွတ်လွတ်လပ်လပ် မရကြသေးပါဘူး။
နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ဆိုတဲ့ ပုံဖျက်ဖုံးကွယ်ထားတဲ့ အကြောင်းပြချက်က စာနယ်ဇင်းသမားတွေကို ခြိမ်းခြောက်နေ တုန်းပဲလို့ မြန်မာ့အရေးလေ့လာသူတွေက မြင်ကြပါတယ်။

ကိုအောင်သူငြိမ်းဟာ ဗဟုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကပါ။

“စာပေစိစစ်ရေးဆိုတာမျိုး မရှိတော့ဘူး ဆိုတာ တောင်မှပဲ အစိုးရအဖွဲ့အစည်းအများအပြားက သတင်းမီဒီယာကိုထိန်းချုပ်ဖို့ ကြိုးစားကြမယ်ဆိုတာ ကျနော် သိပ်သေချာပါတယ်။”

သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာအစိုးရဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာ တဲ့အတွက် ပြည်တွင်း ပြည်ပက အသိအမှတ်ပြု ချီးကျူးတာကို ရနေပေမဲ့လည်း သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မပေးသေး တဲ့အပေါ် ဝေဖန်တာတွေနဲ့ ရင်ဆိုင်နေရဆဲပါ။
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံတခုအဖြစ် နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်သွားနိုင်ရေး လုပ်ဆောင်တဲ့ နေရာမှာ လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ အထူးအရေးပါတယ်လို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားသူ တွေက ပြောကြပါတယ်ခင်ဗျား။
XS
SM
MD
LG