သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာဆူပူမှု သေဆုံးသူ ၄၀ ရှိကြောင်း အစိုးရ ကြေညာ


မိတ္ထီလာ ဒုက္ခသည်စခန်း ကုလသမဂ္ဂတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ - UNIC)
မိတ္ထီလာ ဒုက္ခသည်စခန်း ကုလသမဂ္ဂတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ - UNIC)
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ လူသေဆုံးထိခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ ၄၀ အထိ ရှိခဲ့ပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်တဲ့အကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မြို့ခံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ သွေးထွက်သံယို ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြဆဲပါ။ မိတ္ထီလာမြို့က နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က စုံစမ်းထားသမျှ တင်ပြထားပါတယ်။


အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေကျေမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ် အခြေအနေ ကြေညာပြီး စစ်တပ်က တာဝန်ယူထားပေမဲ့ ဒုက္ခရောက်နေသူတွေ သာမက မြို့ခံတွေပါ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ မိတ္ထီလာမြို့မှာ ဆူပူမှုတွေ ဖြစ်ပွားအပြီး နောက်ဆက်တွဲ အနီးအနားက မြို့တချို့မှာပါ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့နောက် စစ်တပ်ရှိနေပေမဲ့လည်း လုံခြုံရေးအတွက် စိတ်မချကြတာမို့ ရပ်ကွက်တွေမှာ ဒေသခံတွေ တာဝန်ယူ ကင်းစောင့်နေကြတုန်းပဲလို့ မိတ္ထီလာမြို့ခံ လူငယ်တယောက်က ပြောပါတယ်။

“သူတို့ကလည်း ဒုက္ခသည်ကယ်ဆယ်ရေးစခန်းနေပြီး တချို့တွေကို ပြန်လည်နေရာချထားရေး စီစဉ်ပြီဆိုပြီးတော့ အစ္စလာမ်ဘာသာဝင်တွေကို ပြန်လွှတ်နေတဲ့ အနေအထားမျိုးတွေ ရှိတယ်လေ။ တချို့ကကျတော့လည်း ဒုက္ခသည်စခန်းတွေကို လာရောက်ပြီးတော့ မခိုလှုံဘဲနဲ့ တခြားကို ထွက်ပြီးတော့မှ လွတ်လပ်တဲ့နေရာတွေမှာ တစုတဝေး လျှောက်ပြီးတော့ ဟိုတနေရာ ဒီတနေရာနဲ့ ပုန်းအောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေလည်း ရှိသေးတယ်။ ကျနော်တို့ အခု လောလောဆယ်အခြေအနေမှာက သူတို့ကိုလည်း ကျနော်တို့က ပြန်စောင့်ကြည့်၊ သူတို့ကလည်း ကျနော်တို့ကို ပြန်စောင့်ကြည့် အဲ့လို အခြေအနေမျိုးတော့ ရှိတယ်။”

မြန်မာအစိုးရရဲ့ ဒီကနေ့ထုတ် သတင်းစာတွေမှာတော့ လုံခြုံရေး အာဏာပိုင်တွေက နောက်ထပ် ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အလောင်း ၈ လောင်း အပျက်အစီးတွေကြားက ထပ်မံတွေ့ရှိရတဲ့အတွက် သေဆုံးသူ စုစုပေါင်းဟာ ၄၀ အထိ ရှိသွားပြီလို့ ဖော်ပြပါတယ်။ ဆူပူမှုတွေကိုလည်း ထိန်းသိမ်းပြီး အခုအခါ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်စပြုလာပြီလို့လည်း အစိုးရပိုင် သတင်းစာတွေက ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း သွေးထွက်သံယို တိုက်ခိုက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရပြီးနောက် နောက်ထပ် ပဋိပက္ခတွေ ဖြစ်မှာကို စိုးရိမ်တဲ့ မြို့ခံတွေကတော့ အခြေအနေတွေကို သတိထားစောင့်ကြည့်နေတုန်းပဲလို့ ပြောပါတယ်။

“ဖြစ်တဲ့နေ့ကထက်စာရင်တော့ နည်းနည်းတော့ တော်သေးတယ်လို့တော့ ပြောရမှာပေါ့။ ဒါပေမဲ့လို့ ညဘက်တွေမှာတော့ ကျနော်တို့ ကောင်းကောင်း မအိပ်ရဲကြသေးဘူး။ အိပ်မောကျနေတဲ့အချိန်မှာ မီးကွင်းလာပစ်သွားမှာ မြို့လူထုက ကြောက်နေကြတုန်းဗျ။ လုံခြုံရေးကလည်း လမ်းတိုင်း၊ နေရာတိုင်း၊ ထောင့်တိုင်းမှာ အပြည့်အ၀ ချထားပေးပြီး မရှိဘူးဗျ။”

“နေ့ကတော့ ကင်းကင်းရှင်းရှင်း သွားနေရတယ်။ ညကတော့ ကိုယ့်အိမ်ထဲ ကိုယ်ပြန်ဝင်လို့ မရသေးဘူးခင်ဗျ။ လောလောဆယ်။ လုံခြုံရေးကတော့ မိန်းလမ်းတွေ ဘာတွေမှာ ယူထားတာလေ။ ဒါပေမဲ့ ဟိုလို ဖျက်စီးဖို့ ဘာတွေ ညာတွေကတော့ မရှိတော့ပါဘူး။ အခုရှိနေတာက ကျန်ခဲ့တဲ့ပစ္စည်းတွေကို ခိုးယူပြီးတော့ ရောင်းစားဖို့ အဲ့လိုဟာမျိုးတွေပဲ ရှိတော့တယ်။”

မြန်မာအစိုးရ သတင်းစာတွေမှာတော့ ယာယီကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက် စေတနာရှင်တွေက ဝိုင်းဝန်းကူညီ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြခဲ့တာပါ။ ကုလသမဂ္ဂကတော့ ပဋိပက္ခတွေကြား ဒုက္ခရောက်ခဲ့ရသူတွေရဲ့ အခြေအနေတွေကို သွားရောက် အကဲခတ်ခဲ့ပြီး အကူအညီပေးနိုင်ဖို့လည်း စီစဉ်နေတယ်လို့ ပြောပါတယ်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်း ကတော့ လိုက်ပါသွားတဲ့ မိတ္ထီလာခရီးစဉ်အတွင်း ကုလသမဂ္ဂ အရာရှိတွေက အခြေအနေတွေကို လက်တွေ့သိခွင့်ရခဲ့တယ်လို့ ပြောပါတယ်။

“၂၄ ရက်နေ့က ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးက မိတ္ထီလာကို သွားပြီးတော့ ဒေသအခြေအနေကို သူ ကွင်းဆင်းလေ့လာပါတယ်။ အဲ့ဒီမှာ ရောက်ရောက်ချင်းမှာ ကြက်ခြေနီအဖွဲ့တွေနဲ့ တွေ့တယ်။ အဲ့ဒီက အခြေအနေတွေကိုလည်း သူ ကြားခဲ့ရတယ်။ ပြီးတော့ သူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုဝန်ကြီးတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ အခု အဲ့ဒီမှာ ကုလသမဂ္ဂအဖွဲ့တွေ ကျန်ပါတယ်။ သူတို့က အဲ့ဒီမှာရှိတဲ့ ဒေသခံအာဏာပိုင်တွေနဲ့ရော၊ သူတို့ အဲ့ဒီကရှိတဲ့ အဖွဲ့ဝင်တွေနဲ့ရော သူတို့က ညှိနှိုင်းပြီးတော့ လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို အမြန်ဆုံး ချနိုင်ဖို့ လုပ်နေကြပါတယ်ခင်ဗျ။ အဲ့ဒီက ကြက်ခြေနီအဖွဲ့တွေ သူတို့ ပြောပြတဲ့အချိန်မှာ လူမမာတွေ ဘာတွေ သူတို့ ပို့တဲ့နေရာမှာ တော်တော်လေး သူတို့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အဖြစ်အပျက်လေးတွေလည်း ပြောပြပါတယ်။ အဲ့ဒီမှာ ကျနော်တို့ ကြက်ခြေနီဝန်ထမ်း အမျိုးသမီးတယောက်ဆိုရင် သူ့မောင်လေးတောင် ဆေးရုံရောက်နေတာ သူတွေ့ခဲ့ရတယ်ဗျာ။ ဒါပေမဲ့ သူ့ခမျာ ကွင်းထဲကို သွားပြီးတော့ လူမမာ ထပ်ကယ်ပြီး ပြန်လာတဲ့အချိန်မှာ သူ့မောင်လေး ကွယ်လွန်သွားတာကို သူ တွေ့ခဲ့ရတယ်လို့ ပြောပြပါတယ်။ သူနဲ့အတူတူ နောက်ကြက်ခြေနီဝန်ထမ်း အမျိုးသမီးဆိုလို့ရှိရင်လည်း မီးလောင်နေတဲ့ကြားထဲက သူ့အိမ်ကို သူ မပြန်နိုင်ဘူး။ သူ့လိုပဲ သူများတွေကို လိုက်ကယ်နေတဲ့အတွက် သူ့အိမ်ကလည်း မီးထဲ ပါသွားတယ်ပေါ့ဗျာ။”

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယား ကတော့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တာဟာ စိတ်မချမ်းသာစရာ ဖြစ်ရတဲ့အကြောင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ရှိချိန်မှာ ပြောဆိုခဲ့တာပါ။

ပဋိပက္ခတွေ ဖြစ်ပွားအောင် လှုံ့ဆော်မှုတွေမှာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တဲ့အကြောင်းလည်း ၅ ရက်ကြာ ခရီးစဉ် နောက်ဆုံးနေ့အဖြစ် မနေ့က ကြေညာချက် ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ မိတ္ထီလာမြို့မှာ ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူတွေအတွက် အရေးပေါ် အကူအညီအဖြစ် ဒေါ်လာ ၁ သိန်း အကူအညီ ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေအတွက် အခြေခံစားသောက်ကုန် ပစ္စည်းတွေ၊ ရေနဲ့ တကိုယ်ရေ သန့်ရှင်းဖို့အတွက် လိုအပ်ချက်တွေကို ပေးအပ်ရာမှာ အလှူငွေကို သုံးစွဲသွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။ တချိန်တည်းမှာပဲ မူဆလင်တွေအပေါ် နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းအပေါ် အထူးစိုးရိမ်မကင်း ဖြစ်မိတဲ့အကြောင်းနဲ့ အစိုးရက တည်ငြိမ်မှုရအောင် ကြိုးပမ်းပြီး တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ကြေညာထားတဲ့အပေါ် ကြိုဆိုကြောင်းလည်း ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဘာသာအယူဝါဒ မတူသူတွေကြား အပြန်အလှန် လေးစားပြီး သည်းခံတတ်တဲ့ အလေ့အထတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းမှုတွေကို အားပေးသွားမှာဖြစ်တယ်လို့လည်း သံအမတ်ကြီး မစ်ချဲရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မနေ့တုန်းကပဲ မတည်မငြိမ်ဖြစ်နေတဲ့ ဒေသတွေနဲ့ ရန်ကုန်မြို့က လူစည်ကားရာ နေရာတွေကို အမေရိကန် နိုင်ငံသားတွေ သွားလာတာတွေကို ဆင်ခြင်ဖို့ အတွက်လည်း တိုက်တွန်းထားပါတယ်။
XS
SM
MD
LG