သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် USAID အကြီးအကဲရဲ့ မြန်မာ့ခရီးစဉ်


Dr. Rajiv Shah
Dr. Rajiv Shah
မြန်မာနိုင်ငံတွင်း ဖံ့ွဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီး အားကောင်းခိုင်မာလာစေဖို့ ကူညီဆောင်ရွက်ပေးမှု တစိတ်တပိုင်းအနေနဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ် USAID အကြီးအကဲ Dr. Rajiv Shah ဟာ မနက်ဖြန်ဆိုရင် မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ဖို့ ရှိပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

USAID အကြီးအကဲ Dr. Shah ဟာ ဖေဖဝါရီလ ၂၇ ရက်နေ့ကနေ ၂၈ နေ့အထိ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်ကို ရောက်ရှိမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုတွေ ပိုမို နက်နက်ရှိုင်းရှိုင်းနဲ့ အားကောင်းလာစေဖို့အတွက် အရပ်ဖက် လူမှုအသိုင်းအဝိုင်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အကူအညီ ပေးသွားမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်အတိုင်း USAID အနေနဲ့ ဆောင်ရွက်နေရာမှာ အခု Dr. Shah ခရီးစဉ်ဟာ ဒီပိုင်းဖြတ်ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်းမှာတော့ Dr. Shah အနေနဲ့ အစိုးရပိုင်းရော အရပ်ဖက်က ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံပြီး၊ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ရန်ကုန် အမေရိကန်သံရုံး အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“Dr. Shah အနေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင်းအပြင် အခြားဖွံ့ဖြိုးရေးဆိုင်ရာ လက်တွဲဘက် အဖွဲ့တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ USAID ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပုံစံသစ်အရ ဆန်းသစ်ပြီး အလုံးစုံ ဖွံ့ဖြိုးမှုဖြစ်လာဖို့ဆိုတဲ့ USAID ရဲ့ ပိုင်းဖြတ်ချက်ကို အဓိက အလေးပေး ဆွေးနွေးသွားမှာပါ။”

Dr. Shah အနေနဲ့ မနက်ဖြန် ရန်ကုန်မှာ အရပ်ဖက် လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ရှိသလို၊ ကျေးလက်ဖွံ့ဖြိုးရေး အရှိန်အဟုန် ကောင်းမွန်လာရေးအတွက် လက်တွဲ ဆောင်ရွက်မှုရဲ့ ထိရောက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့လည်း မနက်ဖြန်ညနေပိုင်း ရန်ကုန် UNOPS ရုံးဝင်းထဲမှာ မိန့်ခွန်းပြောဆိုမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာရှိစဉ်ပဲ သောက်ရေသန့် ကူညီထောက်ပံ့ရေး အစီအစဉ်တခုကိုလည်း ဖွင့်လှစ်ပေးသွားဖို့ ရှိပါတယ်။

“ပိုပြီးကျန်းမာတဲ့ မြန်မာပြည်အတွက် လက်တွဲဖက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မှာ P&G ကုမ္ပဏီနဲ့အတူလုပ်မယ့် တကမ္ဘာလုံးဆိုင်ရာ ဖံ့ွဖြိုးရေးအဖွဲ့ Global Development Alliance ရဲ့ ပထမဆုံးလှုပ်ရှားမှုကို Dr. Shah အနေနဲ့ ရန်ကုန်မှာ ဖွင့်လှစ်ပေးပါလိမ့်မယ်။ အဲဒီအစီအစဉ်ဟာ ဝမ်းရောဂါကြောင့် သေဆုံးရတဲ့ အရေအတွက် သိသိသာသာ ကျဆင်းသွားဖို့ သောက်ရေသန့် လီတာ သန်း ၁၀၀ ခန့် အကူအညီပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။”

အမေရိကန်သံရုံး တာဝန်ရှိသူက ပြောဆိုသွားတာပါ။ ပုဂ္ဂလိကပိုင်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့အခါ စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေးနဲ့ မိုဘိုင်းနည်းပညာပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာအောင် ဘယ်လို ကြိုးပမ်းဆောင်ရွက်နိုင်မလဲဆိုတာ အလေးပေး ဆွေးနွေးလိမ့်မယ်လို့ သိရပါတယ်။

နေပြည်တော်မှာတော့ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အစိုးရနဲ့ USAID အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံကို Dr. Shah အနေနဲ့ လာရောက်တာဟာ ဒါ ဒုတိယမြောက် ဖြစ်ပါတယ်။ မနှစ်ဆန်းပိုင်းတုန်းက ပထမဆုံးအကြိမ် လာခဲ့တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အလှူရှင်အဖွဲ့အစည်းတွေထဲမှာ USAID ရဲ့ ထိစပ်ဆောင်ရွက်မှုတွေကို အားအရဆုံးဖြစ်တယ်လို့ TBC (The Border Consortium) ရဲ့ စီမံကိန်းဒါရိုက်တာ ဒေါ်နီလာမြိုင်က ပြောပါတယ်။

“အလှူရှင်တွေအားလုံးပေါ့နော် နိုင်ငံတကာ အလှူရှင်တွေထဲမှာတော့ သူတို့ရဲ့အလုပ်ကို အားအရဆုံးလို့ ပြောရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ civil society group တွေနဲ့လည်းပဲ သေသေချာချာ ထိထိရောက်ရောက် ဟိုဟာပေါ့လေ အမြဲတမ်း တိုင်ပင်တယ်။ ဆွေးနွေးတယ်။ အမြဲတမ်း ထိစပ်မှုရှိတယ်။ အသံနားထောင်တယ်ပေါ့။ ပြီးသွားတဲ့အခါကျတော့ civil society တွေ လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့က နောက်ကွယ်ကနေ အမြဲတမ်း ထောက်ပံ့ပေးတယ်ပေါ့လေ။ လိုအပ်တဲ့ နည်းပညာပိုင်းအရရော၊ ငွေကြေးအရရော၊ အားလုံးကို အမြဲတမ်း ထောက်ပံ့ပေးတယ်ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ USAID ကိုတော့ အားရပါတယ်။”

မေး။ ။ Dr. Shah အခုလာတယ်ဆိုရင် ဒုတိယမြောက် လာတာပေါ့နော်။ Dr. Shah လာခြင်းအားဖြင့်ရော လက်ရှိ လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဘယ်လောက်အထိ အထောက်အပံ့ဖြစ်စေနိုင်မလဲ။
ဖြေ။ ။ “တစ်အချက်ကတော့ ဘာလဲဆိုရင် အစိုးရနဲ့ပတ်သက်ပြီးတော့ ပေါ်လစီပိုင်း၊ ဘာဖြစ်လို့လဲဆိုတော့ အခု လတ်တလော အခြေအနေမှာ ဒီအသင်းအဖွဲ့တွေ မှတ်ပုံတင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ နောက်ဆုံး သူတို့ အတည်ပြုဖို့ရှိပါတယ်။ ဒီအချိန်မှာ ရောက်လာတယ် ဘာညာဆိုတော့ သူတို့ရဲ့ ဖိအားလေးနဲ့ ဘာနဲ့ဆိုရင် ကိုယ်လိုချင်တဲ့ ပုံစံလေးများ ထွက်လာမလား အဲ အဲ့ဒါလေးလည်း မျှော်လင့်တယ်ပေါ့။”

USAID အနေနဲ့ မြန်မာနိုင်ငံံ ဖွံ့ဖြိုးရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးနေတဲ့ အထဲမှာတော့ ၅ နှစ်အောက် ကလေးငယ်သေဆုံးမှုနှုန်း လျော့ကျလာစေဖို့ ဆိုတာကို ရည်မှန်းချက်ထား ဆောင်ရွက်နေတာရှိပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖံ့ွဖြိုးရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးတွေအတွက်လည်း ဆောင်ရွက်နေတာ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကပဲ USAID က ဦးဆောင်ပြီးတော့ Cisco၊ Google၊ HP၊ Microsoft တို့ပါတဲ့ အမေရိကန်က အဆင့်မြင့် နည်းပညာ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး၊ အုပ်ချုပ်ရေးစနစ်မှာ ပွင့်လင်းမြင်သာမှု ရှိလာရေးအတွက် digital နည်းပညာ ပိုမို ကျယ်ပြန့်စေဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ လာရောက် လေ့လာစူးစမ်းမှုတွေ လုပ်ခဲ့ပါတယ်။
XS
SM
MD
LG