သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID အကြီးအကဲ မြန်မာပြည်သွားမည်


Dr. Rajiv Shah
Dr. Rajiv Shah
အမေရိကန်ပြည်ထာင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID အုပ်ချုပ်ရေးမှူး ဒေါက်တာ ရာဂျစ် ရှား (Dr.Rajiv Shah) ဟာ အခုမတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ရောက် ရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက သမ္မတအိုဘားမား မြန်မာ ခရီးစဉ်နောက်ပိုင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ခရီးစဉ်ဖြစ်တယ်လို့ USAID က ဒီ့မတိုင်ခင်က ထုတ်ပြန်ထားပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးရေး၊ အုပ်ချုပ်မှု ကောင်းဖြစ်လာရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ စီးပွားရေး ဖံ့ွဖြိုးမှုဆိုင်ရာ အထောက်အပံ့တွေအတွက် USAID အနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေ ပေးသွားဖို့ ရှိနေတာပါ။

USAID အကြီးအကဲ ဒေါက်တာ ရာဂျစ် ရှား (Dr.Rajiv Shah) ဟာ အခုမတ်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကို သွားရောက်ပြီး တဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေစဉ် နေပြည်တော်မှာ အစိုးရ အကြီးအကဲတွေနဲ့ လည်း တွေ့ဆုံဖို့ရှိပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုအတွင်းက Cisco၊ Google၊ HP၊ Intel၊ Microsoft စတဲ့ ICT သတင်းနဲ့ ဆက်သွယ်ရေး အဆင့်မြင့် နည်းပညာဆိုင်ရာ လုပ်ငန်းကြီးတွေက
ခေါင်းဆောင်တွေပါ ပါဝင်တဲ့ USAID အဆင့်မြင့် နည်းပညာဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာလည်း ရက်သီတင်းပတ်ကြာ မြန်မာနိုင်ငံကို သွားရောက် ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာရှိစဉ် အစိုးရပိုင်းရော ပုဂ္ဂလိကပိုင်းက ICT နဲ့ပတ်သက်တဲ့ တာဝန်ရှိသူ တွေ၊ တက္ကသိုလ်တွေက တာဝန်ရှိသူတွေကို အဲ့ဒီအဖွဲ့က တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း သတင်းနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ IT အဆင့်မြင့် နည်းပညာကို သုံးတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရေး၊ လူမှုကွန်ရက် ဆက်ဆံမှုတွေ တိုးမြင့်လာရေး ကိစ္စရပ်တွေအတွက် နည်းပညာကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ရှိမယ့် အခွင့်အလမ်းတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ အဆင့်မြင့် နည်းပညာရပ်ဆိုင်ရာ IT လုပ်ငန်းကြီးတွေနဲ့ ဆက်စပ် လုပ်ကိုင်လာခြင်းအားဖြင့်၊ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ အစိုးရ ဖြစ်လာဖို့ အကူအညီ ပေးနိုင်လိမ့်မယ်လို့ USAID က ထုတ်ပြန်ပါတယ်။

USAID အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဟာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် မူဝါဒ ပြောင်းလဲလာတဲ့နောက်၊ မြန်မာနဲ့ ပတ်သက်လို့ အတော်လေး သွက်သွက်လက်လက် လှုပ်ရှားလာတဲ့ အမေရိကန် အေဂျင်စီတခု ဖြစ်ပါတယ်။

လက်ရှိအားဖြင့်တော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်း မြင်သာမှုရှိတဲ့ အစိုးရဖြစ်လာရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း ဖြစ် လာရေးဆိုတဲ့ ခေါင်းစဉ်သုံးရပ်နဲ့ မြန်မာနိုင်ငံကို အကူအညီတွေ ပေးနေတာပါ။

၂၀၁၂ ခုနှစ်အတွင်းမှာတော့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေကို လူသားချင်း စာနာကူညီမှုအနေနဲ့ USAID က အမေရိကန်ဒေါ်လာငွေ ၆.၂ သန်း အကူအညီ ပေးခဲ့ပါတယ်။

ကျန်းမာရေးအနေနဲ့ကတော့ အခု ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ တနံတလျားမှာ ပထမဆုံး အကြိမ် ကျန်းမာရေး စစ်တမ်းတွေ ယူနိုင်ဖို့ USAID အဖွဲ့အနေနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိသလို၊ HIV၊ အဆုတ်နာနဲ့ ငှက်ဖျား ရောဂါသုံးမျိုး တိုက်ဖျက်ရေး၊ ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေးတွေအတွက်လည်း တခြားအလှူရှင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
XS
SM
MD
LG