သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲအတွက် USAID အကူအညီပေးမည်


မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဒီ သုံးနှစ်တာ ကာလအတွင်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ကူညီထောက်ပံ့ပေးသွားမယ့်အကြောင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID အဖွဲ့က မနေ့က မတ်လ ၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ အမေရိကန်အနေနဲ့ ကူညီထောက်ပံ့ပေးနိုင်ဖို့ အတွက် USAID အဖွဲ့အကြီးအကဲ Dr. Rajiv Shah ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်ရှိနေချိန် မှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်လာ ၁၁ သန်းသုံးစွဲ ကူညီမယ့် ဒီအစီအစဉ်မှာ လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ အတွက် ရွေးကောက်ပွဲ ကြီးကြပ်ကွပ်ကဲမှုတွေမှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို၊့ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်ဖို့၊ ပါလီမန်စနစ်အားကောင်းစေဖို့နဲ့ နိုင်ငံရေးပါတီတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်။

အမေရိကန်က ဆက်သွယ်ရေးနဲ့ နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Ciscoနဲ့ ပူးပေါင်းပြီး မြန်မာလူငယ်တွေအတွက် ဆက်သွယ်ရေးနဲ့ နည်းပညာသင်တန်းတွေ ပို့ချပေးမယ့် တက္ကသိုလ်တွေ ထူထောင်ဖို့ သဘောထားတဲ့အကြောင်းလည်း USAID အဖွဲ့က ကြေညာထားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Patrick Murphy ဟာ ဒီလ ၁၂ ရက်နေ့ကနေ ၁၈ ရက် နေ့တွေမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်ပြီး မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တခြားဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

မစ္စတာ Murphy အနေနဲ့ ရခိုင်နဲ့ကချင်ပြည်နယ် ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ရှိသလို အမေရိကန်ရဲ့ မူဝါဒဆိုင်ရာ ကိစ္စ၊ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု အပါအဝင် နိုင်ငံတကာ အထောက်အပံ့တွေကိစ္စတွေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
XS
SM
MD
LG