သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်ကူညီ


 USAID အကြီးအကဲ Rajiv Shah (၂၄ ဧပြီ ၂၀၁၃)
USAID အကြီးအကဲ Rajiv Shah (၂၄ ဧပြီ ၂၀၁၃)
ကမ္ဘာတဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ပေးနေတဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ ၂၀၁၄ ခုနှစ် ဘတ်ဂျက် အသုံးစရိတ် လျော့နည်းသွားဖို့ ရှိပေမဲ့ မြန်မာအပါအဝင် အာရှဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် USAID ရဲ့ အသုံးစရိတ်ကတော့ ၇ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်ပါတယ်။

USAID အနေနဲ့ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အကူအညီတွေ ပေးနေသလို ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ အကူအညီတွေ တိုးမြှင့်ပေးသွားမယ့်အကြောင်း ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှာ ကျင်းပတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး လုပ်ငန်းတွေအတွက် ၂၀၁၄ ဘတ်ဂျက် အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲမှာ USAID အကြီးအကဲ ရာဂျစ် ရှား (Rajiv Shah) က ပြောသွားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

ဒီနှစ်အစောပိုင်း အမေရိကန် ပြည်ထောင်စုမှာ အစိုးရဘတ်ဂျက် အသုံးစရိတ်တွေ ဖြတ်တောက်ခံရတာကြောင့် လာမယ့်နှစ်အတွက် အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီတွေမှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီတွေအတွက် အသုံးစရိတ် ၆ ရာခိုင်နှုန်းလောက် ရှေ့နှစ်မှာ လျော့ကျသွားမှာ ဖြစ်ပေမဲ့လို့ မြန်မာအပါအဝင် အာရှနိုင်ငံတွေမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကတော့ ရှေ့နှစ်မှာ ပိုပြီးတော့တောင် တိုးလာဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID အကြီးအကဲ ရာဂျစ် ရှား (Rajiv Shah) က မနေ့က အထက်လွှတ်တော်မှာ ကျင်းပတဲ့ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီ ဦးစားပေး လုပ်ငန်းများဆိုင်ရာ ကြားနာပွဲအတွင်းမှာ ပြောသွားခဲ့ပါတယ်။

“ယေဘုယျအားဖြင့် ကျနော်တို့ရဲ့ ဘတ်ဂျက် အသုံးစရိတ် ၆ ရာခိုင်နှုန်းလောက် လျော့ကျသွားတာ ရှိပေမဲ့၊ ၂၀၁၄ ခုနှစ်အတွက် အဆိုပြုထားတဲ့ ဘတ်ဂျက် အသုံးစရိတ်မှာတော့ အာရှဒေသအတွက် အသုံးစရိတ်ဟာ ၇ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါမယ်။ ဒါဟာ အာရှဒေသနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဦးစားပေး ဆောင်ရွက်ဖို့ဆိုတဲ့ သမ္မတရဲ့ ဦးစားပေး လုပ်ငန်းစဉ်ကြောင့် ဖြစ်ပါတယ်။”

အခုလို အာရှဒေသအတွက် အမေရိကန်ရဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ တိုးမြှင့်သွားမယ့်အထဲမှာ မြန်မာနိုင်ငံကလည်း ဦးစားပေးနိုင်ငံတခု အဖြစ်နဲ့ ရှိနေတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်းမှာလည်း လာမယ့် ၂ နှစ်အတွင်း အမေရိကန်က ဒေါ်လာ သန်း ၁၇၀ မြန်မာနိုင်ငံကို အကူအညီပေးမယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် USAID က အကူအညီတွေ ပေးနေတာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်မှုအပိုင်းမှာတော့ မျှော်မှန်းသလောက် တိုးတက်မှု ရှိမလာသေးဘူးလို့ USAID အကြီးအကဲ ရာဂျစ် ရှား (Rajiv Shah) က ပြောသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ မနှစ်က သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက်စဉ်မှာ USAID လုပ်ငန်းရုံးကို ဖွင့်ပေးခဲ့သလို၊ သတ်မှတ်ချက်တချို့ထားပြီး မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကိစ္စတွေကို အစပျိုးပေးခဲ့တာပါ။ သတ်မှတ်ချက် ဆိုပေမဲ့လည်း တကယ်တော့ ကျနော်တို့ရဲ့လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်မယ့်အပေါ်မှာ ဘယ်လို အခြေအနေတွေတော့ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက် အသေးစိတ်ကို ပြောခဲ့တာပါ။ ဒီအထဲမှာတော့ အစိုးရအနေနဲ့ ပွင့်လင်း မြင်သာမှု ရှိရမယ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လုပ်သွားရမယ်ဆိုတာ ပါသလို၊ တချို့ နယ်စပ်တွေမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားရမယ် ဆိုတာတွေ ပါပါတယ်။"

"ပထမအချက်မှာတော့ ထိရောက်ပြီး သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ ကျနော်တို့ တွေ့ရပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ လူနည်းစု တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရယူဖို့ ကိစ္စမှာတော့ မြန်မာအစိုးရက လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်နေတာ ရှိပေမဲ့ မကြာသေးခင်က ကျနော်တို့ တွေ့ရသလောက်ကတော့ ဒီကိစ္စမှာ ကျနော်တို့ မျှော်မှန်းတဲ့အတိုင်း မဖြစ်သေးဘူးဆိုတာ တွေ့နိုင်ပါတယ်။”

USAID ရဲ့ လတ်တလော မြန်မာနိုင်ငံတွင်း ဦးစားပေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း မစ္စတာ ရာဂျစ် ရှား (Rajiv Shah) က အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံတွင်း ကျနော်တို့ လုပ်ငန်းတွေမှာတော့ ကျနော်တို့ အာရုံထား လုပ်ကိုင်တဲ့ ကိစ္စတချို့ ရှိပါတယ်။ ပထမတခုကတော့ ဈေးကွက်ဖွင့်ပြီး စီးပွားရေး အခြေအနေ တိုးတက် ကောင်းမွန်အောင်လုပ်ဖို့၊ နောက် ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းတွေကို အားပေးကူညီဖို့၊ သိပ်မကြာခင်က ကျနော် မြန်မာပြည်ကို သွားခဲ့တုန်းကလည်း ကျနော်နဲ့အတူ အမေရိကန်က နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေ လိုက်ပါပြီး အဆင့်မြင့် ပညာရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ ရှာဖွေဖို့ ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။"

"ဒုတိယအချက် ကျနော်တို့ရဲ့ အာရုံစိုက် လုပ်ကိုင်မှုကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ကူညီဖို့ပါ။ တတိယအချက်ကတော့ ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်နေသလို တိုင်းရင်းသား ပဋိပက္ခတွေမှာ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းတွေမှာလည်း ကျနော်တို့ USAID က အတတ်ကြွဆုံး ဆောင်ရွက်နေပါတယ်။”

မစ္စတာ ရာဂျစ် ရှား (Rajiv Shah) ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး (မတ်လ ၇၊ ၈ ) သွားရောက်ခဲ့သလို၊ USAID အနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေအတွက်လည်း ဒေါ်လာ ၁၁ သန်း သုံးစွဲ ကူညီသွားမယ့် အကြောင်းလည်း USAID က ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

မူရင်း ဗွီဒီယိုကြည့်ချင်ရင် - http://video.state.gov/en/top-stories/video/2324929200001/fy2014-usaid-budget-request/s~creationDate/p~1/?p
XS
SM
MD
LG