သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး USAID ကူညီ


အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah
ဒေသတွင်း မီးဖွားစ ကလေးငယ် အသေအပျောက်အများ ဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တနှစ်တနှစ်ကို ကလေးငယ် ၂ သောင်းလောက်အထိ အသက်ကယ်နိုင်ရေးအတွက် အစီအစဉ်တရပ် ရည်မှန်းထားတယ်လို့ USAID အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖံ့ွဖြိုးရေး အေဂျင်စီ အကြီးအကဲက ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာလူငယ် ကျောင်းသားတွေအတွက် နည်းပညာ ဆိုင်ရာ အကူအညီတွေကို ပံ့ပိုးကူညီသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖံ့ွဖြိုးရေးနဲ့ ဒီမိုကရေစီ အလားအ လာကောင်းတွေအတွက် မိတ်ဖက်နိုင်ငံအဖြစ် သမ္မတ အိုဘားမားရဲ့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဖော်ပြချက် နဲ့အတူပဲ၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အကူအညီပေး ဆောင်ရွက်သွားနိုင်ဖို့ ထိစပ်လုပ်ကိုင်နေတာ ဖြစ်တယ် လို့ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ USAID အကြီးအကဲ Dr.Rajiv Shah က မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီလို အကူအညီတွေ ပေးမယ့်အထဲ မီးဖွားစ ကလေးငယ် အသေအပျောက် လျှော့ကျရေး ဟာလည်း အစီအစဉ်တခု ဖြစ်တယ်လို့ ပြောပါတယ်။

“ကာကွယ်ကုသလို့ရတဲ့ ရောဂါမျိုးကြောင့် ကလေးငယ် အသေအပျောက်နှုန်းဟာ ဒေသ တွင်း မြန်မာနိုင်ငံအနေနဲ့ အမြင့်ဆုံး နှုန်းမှာရှိနေပါတယ်။ ကလေးငယ် တစ်ထောင် ကို ၆၁ ဦးနှုန်း၊ တနှစ်ကို ကလေးငယ် ၅ သောင်း ၅ ထောင်လောက် အသေအပျာက် ရှိပါတယ်။ လာမယ့် သုံးနှစ်အတွင်း ၂၀၁၅ ခုနှစ်အကုန်ပိုင်းမှာ ကလေးငယ် တစ်ထောင်ကို ၃၇
ယောက်အထိ ကျဆင်းသွားအောင် ရည်မှန်းထားပါ တယ်။ နှစ်စဉ် တနှစ်ကို ကလေးငယ်
နှစ်သောင်းနီးပါးရဲ့ အသက်တွေ ကယ်ဆယ်နိုင်ဖို့ မှန်းထားတာပါ။”

ဝမ်းရောဂါ၊ အဆုတ်အအေးမိရောဂါ၊ ငှက်ဖျားရောဂါ၊ မွေးဖွားချိန် အသက်မရှုနိုင်တဲ့ ရောဂါ စတဲ့ ကုသလို့ ရတဲ့ ရောဂါတွေကြောင့် ကလေးငယ်တွေ အသေအပျောက် ဖြစ်ရတာလို့ ဆိုပါတယ်။

အခုလို ဘာကြောင့် အသက်ဆုံးရှုံးကြလဲဆိုတာကို ခိုင်ခိုင်မာမာ သိထားတာကြောင့်လည်း၊ မီးဖွားစ ကလေးငယ် အသေအပျောက် လျော့ကျရေး အစီအစဉ်တွေဟာ အောင်မြင်နိုင်ချေ ရှိတယ်လို့ Dr. Shah က ယူဆပါတယ်။

ဒီအစီအစဉ်တွေအတွက် နိုင်ငံတကာမှာ ထင်ရှားတဲ့ ကလေးကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ USAID အကြီးအကဲ က ပြောပါတယ်။

ဒီရည်မှန်းချက်အတွက်လည်း အစိုးရအနေနဲ့ တမျိုးသားလုံးအဆင့် တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်တွေလည်း ရထားတယ်လို့ Dr. Shah က ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရဘက်က ရင်းနှီးသုံးစွဲမှုတွေကို နှစ်ဆတိုးပြီး ဆောင်ရွက် သွားမယ်လို့ ကတိကဝတ် ပြုထားပါတယ်။ အခုအနေအထားမှာတော့ အသုံးစရိတ်က အတော်ကြီး နည်းပါတယ်။ ကလေး တော်တော်များများရဲ့ အသက်တွေ ကယ်ဆယ်နိုင်ဖို့ အခြေခံကျကျ အားထုတ်ကြိုးပမ်း မှုတွေကို ပိုပြီး တာဝန်ယူ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။”

မြန်မာလူငယ်တွေအနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး နည်းပညာ တိုးတက်လာအောင်၊ အဲ့ဒီကနေ မြန်မာ့အနာဂတ် စီးပွားရေးအထိပါ တိုးတက်လာဖို့ မျှော်မှန်းချက်နဲ့ နည်းပညာ ဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ပေးသွားဖို့လည်း USAID က ပြင်ဆင် ဆောင်ရွက်နေတယ်လို့ USAID အကြီးအကဲက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနဲ့ အစိုးရဝန်ကြီးတွေ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ပြီးတဲ့နောက်ပိုင်းမှာ ရန်ကုန်မှာရှိတဲ့ ကွန်ပြူတာ နည်းပညာဆိုင်ရာ ဌာနတခုကို သွား
ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ရာနဲ့ချီတဲ့ ကွန်ပြူတာ သိပ္ပံကျောင်းသားတွေ၊ နည်းပညာ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံ တက္ကသိုလ်တွေမှာ Cisico နည်းပညာ ကွန်ရက်ဌာနတွေ ထားရှိနိုင်ဖို့၊ Cisco ကုမ္ပဏီနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်ဆိုတာ ကြေ ညာခဲ့ပါတယ်။”

Cisco နည်းပညာ ကွန်ရက်ဟာ အမေရိကန် ပြည်ထောင်စုမှာ အကောင်းဆုံး နည်းပညာ ကွန်ရက်တခုဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Cisico၊ Google၊ HP၊ Microsoft နဲ့ Intel အမေရိကန် အဆင့်မြင့် နည်းပညာကုမ္ပဏီ ၅ ခု ပါဝင်တဲ့ နည်းပညာ ကိုယ်စားလှယ်အဖွဲ့
မြန်မာနိုင်ငံကို သွား ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်စဉ်မှာပဲ မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံ ခဲ့ပြီး၊ သူတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကိုပါ နားထောင်ခဲ့တယ် လို့လည်း Dr. Rajiv Shah က ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာ ရှိလာပြီးတော့
ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ အတွက်လည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ အားပေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

USAID အနေနဲ့ မြန်မာနဲ့ပတ်သက်လို့ အကူအညီပေးရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားဖြစ်စေမယ့် မြန်မာ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အကူအညီပေးဖို့ ဖြစ်တယ်လို့လည်း USAID က ပြောထားပါတယ်။
XS
SM
MD
LG