သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ ပြည်ခိုင်ဖြိုးပြင်ဆင်


ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)
ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)

လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ အဖြစ်လည်း တာဝန်ယူထားသူ ပျဉ်းမနား လွှတ်တော်အမတ် ဦးလှမြင့်ဦးက ပြောဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမယ့်ရက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ အခု ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲကြား ဘာတွေ ကွာခြားမှု ရှိလာနိုင်သလဲ ဆိုတာကို ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင် ဦးလှမြင့်ဦး ကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

“ဗဟိုအလုပ်အမှုဆောင် ကော်မတီအနေနဲ့ ပြည်နယ်နဲ့တိုင်းကပေါ့လေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက်လေ ကိုယ်စားလှယ်လောင်းတွေ စာရင်းကို လျာထားနှင့်တာ အပြီးသတ် မပြီးသေးဘူးခင်ဗျ အဲဒါတွေ။ သူတို့ တိုင်းနဲ့ပြည်နယ်အလိုက်ပေါ့လေ တိုင်းနဲ့ပြည်နယ်အလိုက် သူတို့ ပါတီကနေပြီးတော့ အောက်ခြေပါတီထုအတွက် ချပြတာတို့ ဘာတို့ အဲဒါတွေ လုပ်နေပါတယ်။”

မေး။ ။ အခုလက်ရှိရော ဒီပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုစံနှုန်းနဲ့များ ရွေးချယ်နေပါသလဲ။

ဖြေ။ ။ “ကျနော်တို့ရဲ့ ပထမစံနှုန်းကတော့ မူလအခုလက်ရှိ အနိုင်ရထားတဲ့ အောင်မြင်မှုရထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူတို့ကို ဦးစားပေးပါတယ်။ သူတို့ကနေပြီးတော့မှ သူတို့ကျန်းမာရေးအရ သော်လည်းကောင်း၊ တခြား အကြောင်းကြောင်းကြောင့် သူတို့ မယှဉ်ပြိုင်နိုင်ဘူးဆိုရင် နောက်ထပ် လူထပ်ရှာရတော့မယ်။ လူထပ်ရှာတဲ့အခါမှာ ကျနော်တို့က ဒေသခံတွေကို ပိုပြီးတော့ ဦးစားပေးပါတယ်။ အဲဒီမှာမွေးတဲ့၊ အဲဒီမှာ မကြီးပြင်းရင်တောင်မှ အဲဒီနဲ့ အဆက်အသွယ် မပြတ်ရှိတဲ့ ဒေသခံတွေကို ဦးစားပေးပါတယ်။ ကျနော်တို့ အဲဒီလိုစနစ်နဲ့ ရွေးပါတယ်။ နောက်ပြီးတဲ့ သူ့ရဲ့ စွမ်းဆောင်ချက်ပေါ့လေ ဒီနယ်မြေနဲ့ ပတ်သက်လို့ ဒီနယ်မြေမှာ သူ တာဝန်ကျတဲ့အခါမှာ စွမ်းဆောင်မှု ဘာတွေလုပ်ခဲ့သလဲ၊ ဘာလဲ အဲဒါတွေလည်း ထည့်ပြီးတော့ စဉ်းစားပါတယ်။”

မေး။ ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ်ပေါ့နော် ဒီနှစ်ရွေးကောက်ပွဲနဲ့ကြားမှာ ဘာတွေများ ကွာခြားလာနိုင်ပါသလဲရှင့်။

ဖြေ။ ။ “ကွာခြားလာနိုင်တာကတော့ အရင်တုန်းကတော့ ကျနော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းကတော့ ကျနော်တို့နေရာ တော်တော်များများ နိုင်တယ်လေ။ လွှတ်တော်ထဲမှာဆိုရင်လည်း ကျနော်တို့ အများစုက ကျနော်တို့ပဲလေ။ အခုကျတော့ လွှတ်တော်ထဲမှာ ပါတီကလည်း ၁၆ ခုလောက်ရှိသွားပြီ။ ဒီထဲမှာ ဒုတိယအများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့ သူကလည်း အင်အားကောင်းတဲ့ ပါတီကြီးဖြစ်ပါတယ်။ ဖြစ်တဲ့အခါကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာကျရင်တော့ သူတို့ကလည်း နေရာလေး တော်တော်ယူပါလိမ့်မယ်။ အောင်နိုင်တဲ့နေရာလေး တော်တော်များပါလိမ့်မယ်။ အဲလို ကျနော်တော့ ယူဆပါတယ်။ ပြည်ခိုင်ဖြိုးအနေနဲ့ကလည်း အကြိတ်အနယ် ပြိုင်ရပါလိမ့်မယ်ခင်ဗျ။ သူတို့နဲ့လေ။ တိုင်းရင်းသားပါတီတွေကလည်း သူ့နယ်မြေမှာတော့ သူ့ဟာနဲ့သူကတော့ သူတို့လည်း ပေါ်ပြူလာဖြစ်နေကြတာပဲ။ သူတို့နေရာတွေမှာကတော့ ကျနော်တို့ သိပ်ပြီးတော့ ကျနော်အထင်တော့ အပြောင်းအလဲ သိပ်ရှိမယ် မထင်ဘူးလေ။ သူတို့ဘက်ကပဲ သူတို့ရှိမှာပါ။ အရင် ကျနော်တို့ ပြည်ခိုင်ဖြိုးက အများစုရထားတဲ့ နေရာတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့နဲ့ တော်တော်ပြိုင်ရမှာပါ။”

မေး။ ။ နောက်တခုက ဒီလူထုအကြိုက်ပေါ့နော် ပါတီအနေနဲ့ လူထုကြားမှာ ရေပန်းစားမှု အနေအထားရော အန်ကယ်လ်တို့အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ “ရေပန်းစားမှု အနေအထားကတော့ ၂၀၁၀ တုန်းကတော့ ကျနော်တို့က အသင်းကနေပြီးတော့ ပါတီအဖြစ် ပြောင်းပြီးတော့ အရှိန်အဟုန်နဲ့ ကျနော်တို့လုပ်တယ်။ နောက်ပြီးတော့ ပြိုင်ဘက်ကလည်း သိပ်ပြီးတော့ သိပ် strong မဖြစ်ဘူးပေါ့လေ။ အခုကျတော့ ပြိုင်ဘက်ကလည်း strong ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်တာကတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ပိုလုပ်နိုင်ပါတယ်။ ကျနော်တို့ကလည်း ဟို တခြားအဖွဲ့အစည်းတွေပေ့ါလေ လူထုအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ လုပ်ကြတဲ့အခါမှာ ဒီအစိုးရကလည်း ပြည်ခိုင်ဖြိုးပါတီက တင်ထားတဲ့အစိုးရ၊ ဒီအစိုးရရဲ့ ပြည်သူအကျိုးပြု လုပ်ငန်းတွေဟာလည်း ကျနော်တို့ပါတီကို ရောင်ပြန်ဟပ်လာစေပါတယ်။ အဲတော့ ပြည်ခိုင်ဖြိုးအနေနဲ့ ကျနော်တို့လုပ်နေတာတွေ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကတော့ ဆက်လုပ်နေဦးမှာပဲ။ ဒီအရှိန်အဟုန်ကတော့ မကျသွားပါဘူး။”

XS
SM
MD
LG