သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်းအပါအဝင် ပါတီဝင်၁၇ ဦး ကြံခိုင်ရေးပါတီထုတ်ပယ်


နေပြည်တော် လွှတ်တော်အစည်းအဝေးဖွင့်စဉ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးကို တခြားလွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ တွေ့ရစဉ်။ (ဇူလိုင် ၄၊ ၂၀၁၂) ဓါတ်ပုံ (REUTERS/Soe Zeya Tun)
နေပြည်တော် လွှတ်တော်အစည်းအဝေးဖွင့်စဉ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးကို တခြားလွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ တွေ့ရစဉ်။ (ဇူလိုင် ၄၊ ၂၀၁၂) ဓါတ်ပုံ (REUTERS/Soe Zeya Tun)

ကြံ့ခိုင်ရေးပါတီ ဗဟို အစည်းအဝေး ဆုံးဖြတ်ချက်အရ သူရဦးရွှေမန်း၊ သူရဦးအောင်ကို အပါအဝင် ကော်မတီဝင် ၁၇ဦးကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ ကြံ့ခိုင်ရေး ပါတီတွင်းနဲ့ နီးစပ်တဲ့ သတင်းအရ သိရပါတယ်။ နေပြည်တော် ကြံခိုင်ရေးပါတီ ရုံးချုပ်မှာ မနေ့ကလုပ်တဲ့ အစည်းအဝေးကို သမ္မတဟောင်း ဦးသိန်းစိန်က ဦးဆောင်ခဲ့တာဖြစ်ပြီး ထိပ်ပိုင်း ခေါင်းဆောင်အချို့သာ ပါဝင်ခဲ့ပါတယ်။ ထုတ်ပယ်လိုက်တယ်လို့ သတင်းကြီးနေသူတွေဟာ သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေများပြီး လက်ရှိမှာလည်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေ ပြန်လည်ဆန်းစစ်ရေး ကော်မတီမှာ ပါဝင်ကြသူတွေ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောကြားချက်အရ သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း၊ ဦးမောင်တိုး၊ ဦးတင်မောင်ဦး တို့တွေ ပါဝင်တယ်လို့ပြောပါတယ်။ ကျန်သူတွေကလည်း အများစုကတော့ သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေဘဲလို့ ပြောပါတယ်။ ဒီသတင်းကို အတည်ပြုဖို့ ကြံ့ခိုင်ရေး ပါတီဘက်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်ကြားရေးတာဝန်ခံတွေဖြစ်တဲ့ ဦးတင်နိုင်သိန်းနဲ့ ဦးပိုက်ထွေးတို့ကို ဆက်သွယ်ခွင့်မရခဲ့သလို တခြားပါတီ ဝင်တွေကို ဆက်သွယ်ရာ မှာလည်း ပြန်ကြားရေး တာဝန် မယူထားလို့ ဖြေကြားဖို့ငြင်းဆန်ကြပါတယ်။ ဒါကြောင့် ပါတီဘက်ကတော့ ဒီသတင်းနဲ့ ပက်သက်ပြီး သီးခြားအတည်ပြုချက်မရခဲ့ပါ ဘူး။

ထုတ်ပယ်တဲ့ အချက်အလက်ကိုလည်း တိကျစွာမပြောနိုင်သေးပါဘူး။ ထွက်ပေါ်နေတဲ့သတင်းတွေ အရတော့ သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း၊ ဦးမောင်တိုး၊ ဦးတင်မောင်ဦး တို့တွေကိုထုတ်ပယ်တာက NLD ပါတီနဲ့ နီးစပ်တဲ့ အတွက်လို့ ပြောဆိုကြပေမယ့် လက်ရှိ NLD အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမား ဝန်ကြီး ဌာနက ဦးသိန်းဆွေကိုတော့ ထုတ်ပယ်ထားခြင်း မရှိပါဘူး။

ထုတ်ပယ်ခံရတဲ့ စာရင်းထဲ ပါဝင်တယ်လို့ နာမည်ထွက်ပေါ်နေတဲ့ ဦးမောင်တိုးကတော့ ဗဟိုအစည်းအဝေးခေါ်ယူကျင်းပတာကို သိတယ်လို့ ပြောပေမယ့် ထုတ်ပယ်တဲ့ စာမရောက်သေးဘူးလို့ပြောပါတယ်။ ထုတ်ပယ်ခဲ့တာနဲ့ ပတ်သတ်ပြီး သူကတော့

“အော်..သူတို့က ဘာလို့ ထုတ်လဲ ဆိုတော့ ကျွန်တော်တို့လည်း မသိဘူးလေ။ သူတို့ ကျွန်တော်တို့ကို ထုတ်မယ်ဆိုရင်တော့၊ အကြောင်းတော့ သူတို့ ထုတ်လို့ ရသလား ဆိုတာတော့။ ပါတီစည်းကမ်းတွေ ရှိတယ်လေ။ ပါတီစည်းကမ်းတွေ ရှိတယ်။ ပါတီစည်းကမ်းနဲ့ဘယ်လို ငြိလို့လဲ ဘယ်လို ဖြစ်လို့လဲ အဲဒါတွေတော့ ပြန်ကြည့်ရမှာပေါ့။ ကျွန်တော်တို့တော့ တိုင်းပြည် တိုးတက်စေချင် တာပဲလေ။ ကျွန်တော်တို့ တိုင်းပြည်က နောက်ကျနေတာ ဆိုတော့ ကျွန်တော်တို့ကလဲ အသက်ကလဲ ကြီးပြီ ဆိုတော့၊ ကျွန်တော်တို့ မသေခင် တိုင်းပြည်တိုးတက်သွားတာ မြင်ချင်တယ်ပေါ့။ ”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းအပါအဝင် သူနဲ့ နီးစပ်သူတွေကို NLD ပါတီနဲ့ နီးစပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါတီကနေ ထုတ်ပယ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပါတီဘက်ကရော၊ ကယကံရှင်တွေ ဘက်ကပါ တစ်စုံတစ်ရာ မှတ်ချက်ပေး အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ ပါတီဘက်ကလည်း တရားဝင် စာထုတ်တာမရှိသေးပါဘူး။

လက်ရှိ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို ဗွီအိုအေက လက်ရှိရာထူးကို ရယူတာနဲ့ပတ်သတ်ပြီး မေးမြန်းခဲ့စဉ်မှာပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့ ညပိုင်း CEC အဖြစ်ကနေ ဖယ်ရှားခြင်း ခံရတဲ့အချိန်က စပြီးတော့မှ ပါတီတာဝန် မရှိတော့ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ ပါဝင်လှုပ်ရှားဖို့ အကြောင်း မရှိတော့ကြောင်း၊ တသီးပုဂ္ဂလ အနေနဲ့ပဲ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မည်သူ့ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်းနဲ့မဆို လက်တွဲဖို့အတွက်ကိုဘဲ စဉ်းစား ထားတယ်လို့ ပြောဆိုထားဖူးပါတယ်။

ဒီလိုထုတ်ပယ်တာနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညို ကတော့ သူ့အမြင်ကို ခုလို ပြောပါတယ်။

“ဒီဦးသိန်းစိန် အနေနဲ့ ဒါတွေ ဆက်လုပ်မယ်ဆိုရင်တော့ သူတို့ပါတီက တ.စ.ည ကျဆုံးသလိုပဲ ကျဆုံးသွားနိုင်တဲ့ အလားအလာ အများကြီးရှိတယ်။ အဲဒီ အခုဖြစ်တဲ့ ကိစ္စမှာဆိုလည်း ဦးသိန်းစိန်ကို ဒါက နမူနာယူကြဖို့ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်လုပ်ပါ နိုင်ငံရေးမှာတော့ သူတို့ အသာစီးရနိုင်တဲ့ အခြေအနေတော့ မရှိပါဘူး။”

လက်ရှိချိန်အထိကတော့ ပါတီဘက်ကကော သတင်းထွက်နေသူတွေ ဘက်ကကော မေးမြန်း အတည်ပြုချက်တွေကို တိကျစွာ အဖြေမပေးဘဲ ရှောင်နေလျက်ရှိနေပေ မယ့် ထုတ်ပယ်လိုက်တဲ့ သတင်းကတော့ တော်တော်လေး ပျံ့နှံ့လို့ နေပါတယ်ရှင်။

XS
SM
MD
LG