သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲ ရန်ကုန်မှာကျင်းပ


ပြည်ခိုင်ဖြိုး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်း
ပြည်ခိုင်ဖြိုး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်း

မကြာခင်ကျင်းပတော့မယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နိုင်ကိုနိုင်ရမယ်လို့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်းက ပြောဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မြင့်မြင့်ခိုင် တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ အစိမ်းရောင်ကို ကိုယ်စားပြုတဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရန်ကုန်တိုင်းမှာ မဖြစ်မနေနိုင်ရမှာဖြစ်ပြီး အနီတွေကိုနိုင်စေချင်ရင်တော့ အာဇာနည်ကုန်းဗုံးခွဲတာကို သွားကြည့်ပါလို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွယ်ဝိုက်ပြီးပြောဆိုလိုက်ပါတယ်။

“ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး၊ အစိမ်းတွေပဲလွှမ်းရမယ်။ အစိမ်းလွှမ်းတဲ့အတွက် အစိမ်းဆိုတဲ့သဘာဝသတ္တိက ဘာလဲ။ …မဟုတ်ဘူး၊ နိုင်ငံတော်ဖွံ့ဖြိုးတယ်၊ သာယာတယ်။ အနီဆိုတာ အာဇာနည်ဗုံးခွဲတာကို သွားကြည့်၊ နော်- ကျနော်…date ပြောမယ်။ ၉ ရက်၊ ၁ လ၊ ၈၃။ သီချင်းတစ်ပုဒ်ရှိတယ်။ အာာဇာနည်ဗုံးခွဲတာ ဇင်ဘိုတို့လက်ချက်ပါ။ အာဇာနည်ဗုံးခွဲတာ ဇင်ဘိုတို့လက်ချက်ပါ….ဆိုပြီးခွဲသွားတယ်။ ဘာတွေ ဖြစ်သွားလဲ။ အာဇာနည်ကုန်းကြီး ဘာဖြစ်သွားလဲ။ ဘာဖြစ်သွားလဲ၊ အရောင်ကိုပြောတာ။ အရောင်ဘာဖြစ်သွားလဲ။ (ရဲသွားတယ်….)။”

သမ္မတဦးသိန်းစိန်အနေနဲ့ အစိုးရသက်တမ်း ၄ နှစ်ကျော်ကာလအတွင်း ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေ အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလည်း အများကြီးလုပ်ဆောင်ခဲ့တာမို့ လက်ရှိအခြေအနေထက် ပွင့်လင်း မြင်သာမှုရှိပါအုံးမလားလို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်းက သင်္ဃန်းကျွန်းမြို့နယ်မှာပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လူထုဟော ပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့အခု ပြုပြင်ပြောင်းလဲဖို့အချိန်တန်ပြီ-ဆိုတဲ့ဟာတွေ တဘက်တွေက ရေးနေကြတယ်။ အဲဒီတော့ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုတွေ မရှိဘူးလား။ ဒီကနေ့ ကျနော်တို့၊ သမ္မတကြီးတက်ကတည်းက၊ ကျနော်တို့ရဲ့ဥက္ကဋ္ဌကြီးတက်ကတည်းက ဆင်းရဲသား၊ ပထမဆင်းရဲမှုလျှော့ချရေး- အများကြီးလုပ်ပြီးပြီ။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုလည်း ဘာတွေလုပ်ပေးလဲ၊ မြစိမ်းရောင်စီမံကိန်းတွေ အများကြီး လုပ်ပြီးပြီ။ နိုင်ငံရေးပြန်ကြည့်၊ နိုင်ငံရေး-ဘာပြောအုံးမလဲ၊ ကျနော်တို့ တပါတီစနစ်ကနေ multi-party system ကျနော်တို့လုပ်လိုက်တယ်။ ဒါ ကျနော်တို့ပါတီက စလုပ်ခဲ့တာ။ အသင်းဘဝက စလုပ်ခဲ့တာ။”

ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)
ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)

ပြည်သူတွေအနေနဲ့ လေးနှစ်ခွဲသက်တမ်းသာရှိသေးတဲ့အစိုးရကို မတိုက်ခိုက်ဘဲ ဆက်လက်ရှင်သန်အောင် ပံ့ပိုးပေးဖို့ပြောဆိုလိုက်ပြီးလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပါတီဝင်တွေအနေနဲ့ အနိုင်ရအောင်လုပ်ဖို့လည်း ဦးမြညိမ်းက တိုက်တွန်းလိုက်ပါတယ်။

“ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ ကျနော်တို့သမ္မတကြီးပေးတဲ့ message အတိုင်း ဟုတ်လား။ လက်ရှိပေးတဲ့အတိုင်း ကျနော်တို့က နိုင်ကိုနိုင်ရမယ်။ နိုင်အောင် လုပ်ပါ။ နိုင်ပြီးမှကျနော်တို့ရှင်းလို့ရပါတယ်။ ဘယ်လိုလုပ်ဖို့ ကျနော်မပြောဘူး။ ဥပဒေ၊ နည်းဥပဒေအတိုင်းတော့ လုပ်ပါ။ နိုင်အောင် လုပ်ရမယ်။ ကျနော်တို့ တရားဥပဒေလောကမှာ ရှိတယ်။ တရားဥပဒေလောကတော့မဟုတ်ဘူး။ ကျနော်တို့ ….ရှိတယ်။ ခင်ဗျားတို့ တရားလိုနဲ့တရားခံ ဘယ်ဟာလုပ်မလဲ။ သာမန်အားဖြင့်ဆို တရားလိုလုပ်မယ်။ တရားခံလုပ်ရမှာ။ တရားခံဖြစ်မှ တရားလိုက အမှုတိုင်မှာလေ။ ခင်ဗျား နိုင်ပြီဆိုတော့မှ ရှုံးတဲ့လူက တရားလိုလုပ်ပြီးတိုင်မှာလေ။ ကိုယ်နိုင်အောင်လုပ်လေ။ ဟုတ်ဖူးလား၊ နိုင်အောင်လုပ်မှာပဲ။ နိုင်အောင်လုပ်မယ်။”

ပြည်ခိုင်ဖြိုးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး လူထုဟောပြောပွဲကို ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့နဲ့အတူ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးမြင့်ဆွေကလည်း လာမယ့်ရွေးကောက်ပွဲမှာ တိုင်းပြည် ကို တည်ငြိမ်အောင် ထိန်းသိမ်းပေးနိုင်တဲ့ အစိုးရအဖွဲ့မျိုးဖွဲ့နိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ ပြောပါတယ်။

“ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထာဝစဉ်ဦးထိပ်ထားမယ် ဆိုတဲ့ ပါတီရဲ့မူဝါဒဟာ ပါတီဝင်များနဲ့ မဲဆန္ဒရှင်များ အားလုံးက လိုက်နာဆောင်ရွက်ကြရမယ့် မူဝါဒဖြစ်ပါတယ်။ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တဲ့၊ အစိုးရကို ဖွဲ့စည်းနိုင်မယ့် ကျနော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အဓိက ဦးစားပေး မဲပေးကြပါလို့…”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရန်ကုန်တိုင်း လူထုဟောပြောပွဲလုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မှော်ဘီမြို့နယ် လူထုနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောခဲ့ပါတယ်။

XS
SM
MD
LG