သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ်အစိုးရတွေ လုပ်ပိုင်ခွင့် ပိုရရေး ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေး


၂၀ သြဂုတ် ၂၀၁၀
၂၀ သြဂုတ် ၂၀၁၀
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ သုံးရက်ကြာ ကျင်းပခဲ့ပြီးတော့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ PR စနစ်ကိစ္စ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကိစ္စနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ ပါတီဗဟိုကော်မတီဝင် တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

နေပြည်တော်မှာ သုံးရက်ကြာ ကျင်းပတဲ့ အစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပါဝင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသေးစိတ် ဆုံးဖြတ်ချက်တွေကိုတော့ လာမယ့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တင်ပြပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးအဖွဲ့ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၄ ရက်နေ့ထိ နေပြည်တော်မှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီဥက္ကဌအပါအဝင်၊ ဗဟိုအလုပ်အမှုဆောင်တွေ ၊ ဗဟိုကော်မတီဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးအတွင်း အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးလှဆွေ က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“PR စနစ်အကြောင်းရယ်၊ နောက်တခါ ဖက်ဒရယ်အကြောင်းရယ်၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြောင်းရယ် သုံးခုကို ပညာရှင်တွေ၊ သံအမတ်ကြီးဟောင်းတွေ၊ သူတို့ကနေ လေ့လာထားတာတွေကို ကျနော်တို့ကို တင်ပြပါတယ်။”

အခု ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မကြာခင်မှာ ကျင်းပမယ့် ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တင်သွင်းပြီးတော့ ဆုံးဖြတ်ချက် ချသွားမယ်လို့လည်း ဦးလှဆွေ က ပြောပါတယ်။

ဒီအစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဌလည်းဖြစ်၊ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းလည်း တက်ရောက်ခဲ့ပြီး လက်ရှိ အုပ်ချုပ်ရေး ပုံစံအရ ပြည်ထောင်စု အစိုးရအဆင့်မှာ အာဏာခွဲေ၀ ကျင့်သုံးနေပေမဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေမှာ လုပ်ပိုင်ခွင့်အာဏာ အလွန်နည်းပါးနေတဲ့ အချက်တွေကို ပြင်ဆိုဖို့ လိုအပ်တယ်ဆိုပြီးတော့ သူရဦးရွှေမန်းက ဆွေးနွေးခဲ့ကြောင်း ဦးလှဆွေ က ပြန်ပြောပြပါတယ်။

“အကြမ်းဖျဉ်းအားဖြင့် ပြောရရင်တော့ ဖက်ဒရယ်အကြောင်းက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေဟာ ပါဝါအာဏာမရှိဘူး။ ပါဝါအာဏာမရှိတာဟာ အခြေခံဥပဒေမှာ ပေးထားလျက်သားနဲ့ မရှိတာဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အခြေခံဥပဒေမှာ ပေးထားတဲ့ အခွင့်အရေးကို တောင်းဆိုရမယ်။ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ တိုင်းဒေသကြီး အခုဟာ လွှတ်တော်ဥက္ကဌတွေလည်း တက်တယ်လေ။ အဲ့ဒီ လွှတ်တော်ဥက္ကဌတွေဟာ ဥပဒေတွေ ပြုရမယ်။ ကိုယ့်ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ အခြေအနေကို ဥပဒေတွေ ပြုရမယ်။ ဥပဒေတွေ ပြဌာန်းရမယ်။ အဲ့ဒါမျိုးလုပ်တာဟာဖြင့် ပြည်ထောင်စုအစိုးရကို ဆန့်ကျင်တာ မဟုတ်ဘူး။ မိမိတို့အခွင့်အရေး မိမိတို့ တောင်းဆိုတာ ဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ်ကို ပီပြင်အောင် လုပ်ရမယ်။ ဖက်ဒရယ်ရဲ့ မူတွေကိုက အခြေခံဥပဒေက ပေးပြီးသားဖြစ်တယ်။ အဲ့ဒါကို ပီပြင်အောင်လုပ်ပါလို့ ပြောပါတယ်။”

တနင်္လာနေ့ ဆွေးနွေးပွဲအတွင်းမှာ သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ တာဝန်ကနေ တရားဝင် အနားယူပြီးတော့ ဒုဥက္ကဌ တစ်ဦးဖြစ်တဲ့ သူရ ဦးရွှေမန်းကို ပါတီ ဥက္ကဌအဖြစ် တရားဝင် လွှဲအပ်တဲ့အကြောင်း အကြောင်းကြားစာကို ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိန်း က ဖတ်ကြားခဲ့တယ်လို့လည်း ဦးလှဆွေ က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့အကြား ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးတဲ့နောက် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြေရှိတယ်လို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း က မကြာသေးခင်ကပဲ သူသွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ပြောခဲ့ဖူးပါတယ်။ ဒီကိစ္စအပါအဝင် ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့ အစည်းအဝေးအပြီးမှာ ပါတီ ဒုဥက္ကဌဖြစ်သူ ဦးဌေးဦး ကို ဗွီအိုအေက သီးခြား ဆက်သွယ်မေးမြန်းခဲ့တာမှာ ဦးဌေးဦး က အခုလို စဖြေခဲ့ပါတယ်။

“ကျနော်ထင်ပါတယ်။ အစိုးရဖွဲ့ဖို့ ဆိုတဲ့ဥစ္စာကလည်း ရွေးကောက်ပွဲတွေပြီးမှ စဉ်းစားရမယ့်ကိစ္စပဲလေ။ ကျနော်တို့ရဲ့ မူအရကတော့ ပါတီတွေအားလုံးကို လုပ်ဖော်ကိုင်ဖက်လို သဘောထားတယ်လို့ ပြေားထားတာပဲလေ။ အကုန်လုံး ပူးပေါင်းဆောင်ရွက်မှာပါ။ သို့သော်လည်းပဲ အစိုးရဖွဲ့တယ် မဖွဲ့ဘူးဆိုတာကတော့ စောသေးသလား မသိဘူး။”
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီကနေပြီး ဘယ်လို ပြင်ဆင်မှုတွေများ ပြုလုပ်နေသလဲ။ ဥပမာ - ဘယ်လိုနေရာတွေမှာ ဘယ်သူတွေက ပြိုင်ကြမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။

ဖြေ။ ။ “နေရာတိုင်းမှာ ကျနော်တို့ ပြည်သူ အကျိုးရှိမယ့် လုပ်ငန်းတွေ လုပ်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေကောင်းတွေ ရအောင် ကျနော်တို့ လုပ်တာပဲလေ။ ဒါတွေကတော့ ကျနော်တို့ လျာထားတုန်းပဲ။ အချိန်ကျရင်တော့ ပြောမှာပေါ့။ ဟိုးအရင်တုန်းကလည်း ကျနော် ပြောခဲ့ဖူးပါတယ်။ ကျနော်တို့ ပါတီဆိုတာက ပြည်သူအတွက်ပဲလေ။ ပြည်သူတွေ ယုံကြည်စိတ်ချမှုရှိအောင် ကျနော်တို့ အားလုံး လုပ်ပါတယ်။ အဲ့ဒီအပေါ် မူတည်ပြီးတော့မှ အဖြေထွက်လာမယ်လို့ ကျနော် ထင်ပါတယ်။”

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာပါ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေကို ဇွန်လ ၂၅ ရက်၊ အင်္ဂါနေ့မှာ ကျင်းပဖို့ ကြေညာထားပြီး လွှတ်တော်အစည်းအဝေးတွေ မတိုင်ခင်မှာပဲ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးကို လုပ်ခဲ့ကြတာပါ။

အခုကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွေမှာလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်တွေ ဆွေးနွေးခဲ့ကြတဲ့ PR စနစ်ကိစ္စ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စုကိစ္စတွေဟာ အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာတွေ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောထားဖူးပါတယ်။
XS
SM
MD
LG