သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုး ပြန်ပြင်လိုတဲ့ ဖွဲ့စည်းပုံအချက်များ


၄ ရက်ကြာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးအတွင်း ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ရမယ့် အရေးပါတဲ့ အချက် ၃ ချက်ဖြစ်တဲ့ သမ္မတဖြစ်ခွင့် အရည်အချင်းကိစ္စ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို ပြင်ဆင် ဖြည့်စွက်ဖို့ အခြေအတင် ဆွေးနွေခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဗဟိုကော်မတီဝင်တွေက ပြောပါတယ်။ အသေးစိတ်ကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောဆိုမှုတွေရှိနေတဲ့ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ရာမှာ အချက်ပေါင်း ၂၂ ချက်ကို ပယ်ဖျက်ဖို့နဲ့ ၅၂ ချက်ကိုတော့ ပြင်ဆင် ဖြည့်စွက်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးလှဆွေ က ပြောပါတယ်။

၂၀၀၈ အခြေခံ ဥပဒေရဲ့ အခန်း ၃ ပုဒ်မ ၅၉ (စ) ရဲ့ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်းကိုလည်း အကန့်အသတ်နဲ့ ပြင်ဆင်မယ်ဆိုပြီးတော့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။

“၅၉ (စ) က ကျနော်တို့က ဒီလိုပါ။ သားမက်တွေ၊ ချွေးမတွေကို ဖြေလျှော့ပေးထားတာပေါ့နော်။ ဥပမာဗျာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မူတည်ပြီး ကြည့်လိုက်ပေါ့နော်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ယောက်ကျားက Michael Aris သူကသေသွားပြီ။ သေသွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်က မြန်မာနိုင်ငံအတွက် အန္တရာယ်ဖြစ်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ကျနော်ယူဆတယ်။ အဲဒီတော့ သူ့မှာသား ၂ ယောက်ရှိတယ်။ သား ၂ ယောက်က မြန်မာနိုင်ငံသား ခံယူလိုက်ပေါ့။ ဒါဆိုရင် သူက ပြီးသွားပြီ။ သူတို့ရဲ့ ချွေးမတွေရှိတယ်။ ချွေးမတွေကို ဒါကို ဘာမှမဆိုင်ဘူးဆိုပြီး ဖြေလျှော့ပေးလိုက်တယ်။ အခြေခံဥပဒေထဲမှာ။ ချွေးမ ၂ ယောက်က ဘာမှ အကျုံးမဝင်ဘူးပေါ့ဗျာ။ ဦးမြင့်ဆွေကို ဒုသမ္မတ ပေးမယ်ဆိုတုန်းက သူ့ချွေးမက သြစတြေးလျသူ ဖြစ်လို့ဆိုပြီးတော့ မပေးဘူးလေဗျာ။ တကယ်လို့ Kim Aris နဲ့ Alexander Aris တို့ရဲ့ သူတို့မိန်းမ ၂ ယောက်က ချွေးမတွေက နိုင်ငံခြားသူ ဖြစ်နေတယ်ဆိုရင် ကျနော်တို့ အခြေခံဥပဒေက ခွင့်ပြုမယ်။”

တိုင်းရင်းသားတွေဘက်က မကြခဏ ပြောဆိုနေကြတဲ့ အာဏာခွဲေ၀ ကျင့်သုံးရေးနဲ့ သယံဇာတ ခွဲဝေကျင့်သုံးရေးတွေကိုလည်း ပေးနိုင်သမျှ ပေးဖို့ အချက်တွေကိုလည်း ဆွေးနွေးပြီး ပြင်ဆင်ဖို့ ထည့်သွင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဦးလှဆွေ က အခုလို ပြောပါတယ်။

“ဇယား ၂ ပေါ့၊ ဇယား ၂ ဆိုတာ ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ရွှေတို့၊ ဘာတို့ သတ္ထုတူးဖော်ခွင့် အသေးစား၊ အဲဒါတွေ အကုန်လုံးကိုပေးမယ်၊ တိုင်းဒေသကြီးတွေကို။ အဓိကကတော့ဗျာ၊ တချို့ဝန်ကြီးချုပ်တွေက နည်းနည်း Strong ဖြစ်တယ်။ ဒါမပြင်နိုင်ဘူး၊ ဘာညာပေါ့။ ဥပမာဗျာ ၂၆၂ ဆိုရင် ဒါကဝန်ကြီးချုပ်ကို သမ္မတက nominate လုပ်တာကိုး။ ကျနော်တို့ကပြောတယ်။ သမ္မတက nominate လုပ်တာ မကောင်းပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကပဲ သူတို့အချင်းချင်းက ဘယ်သူ ဝန်ကြီးချုပ် လုပ်သင့်တယ်ဆိုတာ အဲဒီလို ရွေးပြီးတော့မှ သမ္မတရဲ့ အတည်ပြုချက်ယူတာ ကောင်းပါတယ်။ အဲဒါ အတည်ဖြစ်သွားတာပေါ့နော်။ အတည်ဖြစ်သွားတဲ့ အခါကျတော့ တချို့ဝန်ကြီးချုပ်တွေက အဲဒါကို မကြိုက်ဘူး။ ဒါပေမဲ့ တကယ်တန်းကျ တိုင်းရင်းသားတွေ လိုချင်တာ အဲ့ဒါပဲလေ။ သူတို့ဝန်ကြီးချုပ် သူတို့ရွေးချင်တာပေါ့ဗျာ။”

အခုလို အခြေခံဥပဒေ ပြင်ဖို့ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်တာဟာ ၂၀၁၅ မှာ လူကြိုက်များအောင်လုပ်ဖို့ ဖြစ်တယ်လို့ အများက ပြောဆိုနေတဲ့အပေါ်မှာ ဘယ်လို သဘောထားရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးလှဆွေ ကို မေးကြည့်တဲ့အခါမှာတော့ သူက အခုလို ဖြေပါတယ်။

“အခြေခံဥပဒေကို ပြင်ပေးမှသာလျှင် ပြည်ခိုင်ဖြိုးပါတီဟာ ပိုပြီးလူကြိုက်များမှာပေါ့ဗျာ၊ မဟုတ်ဘူးလား။ ပြင်နိုင်လေ ကောင်းလေပေါ့၊ ဟုတ်တယ်မို့လား။ ဒီလိုမျိုးဆွေးနွေးကြတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုက ဘာလိုချင်တာလဲ၊ ဘယ်အချက်တွေ မကြိုက်တာလဲ ဆိုတာကို ကိုယ်စားလှယ်တွေ ဆွေးနွေးကြတယ်။ ဆွေးနွေးတော့မှ ဒီအချက်တွေကိုတော့ လူထုကထောက်ပြတဲ့ အချက်တွေဖြစ်တယ်ဆိုပြီးတော့ ကျနော်တို့ အသည်းအသန် ဆွေးနွေးကြတယ်ဗျာ။ အပြင်းအထန် ပြောကြတယ်။ တကယ့်ကို debate ပဲ။ အထဲထဲမှာကို ငြင်းကျခုန်ကျ၊ ပြောကြဟောကြနဲ့ အတော်ကလေးကို ဒီမိုကရေစီကျပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေမှာ ပါရှိတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ခိုင်ဖြိုးပါတီက ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း မူလရှိနေတဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်ဖို့မရှိဘဲ အုပ်ချုပ်ရေးနယ်ပယ်မှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနက လွဲလို့ တပ်မတော်က လူတွေ ရွေးကောက်ပွဲမဝင်ဘဲ ဝန်ကြီးမဖြစ်လာဖို့၊ ပြီးတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်သက်တမ်း ၅ နှစ်လုံးလုံး မကြာခဏ လဲဖယ်တာတွေ မလုပ်ဖို့ကိုလည်း ပြင်ဆင်ချက်တွေထဲမှာ ဖြည့်စွက်ခဲ့တယ်လို့ ဦးလှဆွေ ပြောပါတယ်။

“တပ်မတော်အခန်းကဏ္ဍမှာ ကျနော်တို့ ၂၅ ရာခိုင်နှုန်းကို untouched ပါ၊ လုံးဝမထိဘူး ဒီအတိုင်းထားမယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဟာ ဝန်ကြီးဖြစ်တဲ့အခါမှာ သူဟာ တပ်က တာဝန်တွေကို မထမ်းဆောင်ရဘူးလို့ ကျနော်တို့က ကန့်သတ်လိုက်တယ်။ ဥပမာဗျာ ဗိုလ်ချုပ်ကြီး ဝေလွင်ဆိုရင် စစ်ထောက်ချုပ်လည်းလုပ်တယ်၊ ကာကွယ်ရေးဝန်ကြီးလည်း လုပ်တယ်ဗျာ။ ဒါမျိုးဆိုရင် ကျနော်တို့က ကာကွယ်ရေးဝန်ကြီးပဲ လုပ်ရမယ်၊ စစ်ထောက်ချုပ် မလုပ်ရဘူးဆိုတဲ့ သဘောမျိုး ကန့်သတ်လိုက်တယ်။”

လက်ရှိ အချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မတီကို ၂၀၁၃ ခုနှစ်ထဲမှာပါ ဖွဲ့စည်းခဲ့တာပါ။ အဲဒီကော်မတီကနေ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ က ပြင်ဆင်ချင်တဲ့ အချက်တွေကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ နောက်ဆုံးထား တင်ပြဖို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG