သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုပြင်


အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတာပါ။ ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မကြာခင်ကပဲ ပါတီညီလာခံ ကျင်းပခဲ့ပေမဲ့ ကြံ့ခိုင်ရေးပါတီကတော့ ပြည်လုံးကျွတ်ညီလာခံ ကျင်းပဖို့ အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့လည်း သူ့ပါတီတွင်း ကြံ့ခိုင်အားကောင်းရေး လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် စဉ်းစားပြင်ဆင်မှု တွေတော့ စတင်လုပ်ဆောင်နေပြီလို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးအင်အားစုတွေ စတင်ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။ အရင်စစ်အစိုးရ ကျော ထောက်နောက်ခံနဲ့ ဖွဲ့စည်းပြီး အစိုးရအဖြစ် အာဏာရလာခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ကိုယ်စားလှယ်တွေကိုပါ ရွေးချယ်ဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့အကြောင်း ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အဖ့ွဲဝင်တဦးဖြစ်တဲ့ ဦးအောင်သိန်းလင်း က ပြောပါတယ်။

“ကိုယ်စားလှယ်တွေ လျာထားတာတို့ ဘာတို့တော့ လုပ်နေတာတွေရှိပါတယ်။ လောလော ဆယ်တော့ သိတဲ့အတိုင်းပဲ ကျနော်တို့က လွှတ်တော်တက်နေရတော့ ခုနကလို လျာထားတာတို့ ဘာတို့တော့ စတော့ လုပ်နေပြီပေါ့ဗျာ။”

အဓိက နိုင်ငံရေးပါတီ တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ မကြာသေးခင်ကပဲ ပြည်လုံးကျွတ်ညီလာခံ ကျင်းပခဲ့ပြီးတဲ့နောက် ပါတီကိုလည်း ပြန်လည် ဖွဲ့စည်းခဲ့တာပါ။ အာဏာရ ပြည်ခိုင်ဖြိုး ပါတီကတော့ ဒီလို ညီလာခံမျိုး ကျင်းပဖို့ အစီအစဉ် မရှိပေမဲ့ ပါတီတွင်း အင်အားကောင်းလာစေဖို့ ဆွေးနွေးမှုတွေတော့ ရှိနေတယ်လို့လည်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ အခု နောက်ဆုံးမှာတော့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေထဲက လာမယ့် ရွေးကောက်ပွဲမှာ ပြန်ဝင်လိုသူတွေ စာရင်းပေးကြဖို့နဲ့ လိုအပ်ရင် ကိုယ်စားလှယ်သစ်တွေ ရွေးချယ်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီ ဗဟိုဦးစီအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအေးမောက် က ပြောပါတယ်။

“သူက နှစ်ပိုင်းရှိပါမယ်ခင်ဗျ။ တဘက်မှာ အခုလောလောဆယ် ဆန္ဒတွေတောင်းနေတာ ကတော့ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့လူတွေက မိမိရဲ့ဒေသမှာ မိမိ ဆက်လက်ပြီးတော့ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိ မရှိပေါ့လေ နောက်ထပ် ပါဝင်ယှဉ်ပြိုင်ဖို့ မရှိရင်လည်း အသစ်ရွေးချယ်ဖို့ ဆောင်ရွက်မယ်လို့ အဲ့လိုမျိုး သိရပါတယ်ခင်ဗျ။”

လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကနေ နိုင်ငံတော်သမ္မတ ဖြစ် လာခဲ့တဲ့ ဦးသိန်းစိန် အနေနဲ့ ၂၀၁၅ မှာ နိုင်ငံတော်သမ္မတအဖြစ် ဆက်ရှိဖို့ မကျိမ်းသေဘူးလို့လည်း ဦးအေးမောက်က ဆက်ပြောပါတယ်။

“သမ္မတကြီး ဦးသိန်းစိန်က ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မထင်ဘူးခင်ဗျ။ ပြော
ပြောနေတယ်။ သူ ကျန်းမာရေးအရ ကျနော်တို့တော့ အဲ့လို ယူဆပါတယ်ခင်ဗျ။ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ကတော့ အခုချိန်ထိ ကျနော်တို့ ကြားတာပေါ့လေနော် ဟို ဆုံးဖြတ်ချက်တော့ ဘာမှ မပေးသေးဘူးလို့ ပြောတယ်ခင်ဗျ။ မပေးသေးဘူးဆိုတဲ့အပေါ်မှာ ကျနော်တု့ိ ပြည်ခိုင်ဖြိုးအနေနဲ့ကတော့ အောက်က ကျနော်တို့ လုပ်စရာရှိတဲ့ စီအီးစီတွေ ကတော့ သူတို့ လုပ်စရာရှိတာလေးတွေ ဆက်လုပ်ဖို့ဆိုပြီးတော့ ဆောင်ရွက်နေကြပါ တယ်။”

နိုင်ငံတော်သမ္မတဟာ သမ္မတတာဝန် ယူနေတဲ့အချိန်မှာ ပါတီလုပ်ငန်းတွေကို မဆောင်ရွက်ရဘူးဆိုတဲ့အတွက် လက်ရှိအချိန်မှာ ဒုဥက္ကဌ ရာထူးတာဝန်ယူထားတဲ့ သူရ ဦးရွှေမန်းကပဲ ပြည်ခိုင်ဖြိုးပါတီ တာဝန်တွေကို ဦးစီးပြီး ဆောင်ရွက်နေတယ်လို့လည်း ဦးအောင်သိန်းလင်း ကပြောပါတယ်။

၂၀၁၅ မှာ ပုံပေါ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အင်အားကြီးပါတီနဲ့ အတိုက်အခံပါတီတို့ရဲ့ ပြိုင်ဆိုင်မှုဆိုတဲ့ အခန်းကဏ္ဍတရပ်ကို ပုံပေါ်လာနိုင်ဖို့ ခက်ခဲနေဦးမှာ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ် တဦးဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင် က အခုလို သုံးသပ်ပါတယ်။

“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ ဒီအခြေအနေအတိုင်း ပြောရလို့ရှိရင် ကြည့်ရလို့ရှိရင် အတိုက်အခံနဲ့ အာဏာရ အင်အားစုရဲ့ ပြိုင်ပွဲမဟုတ်ဘဲနဲ့ --- ပြိုင်ပွဲတွေဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံသဘောထားတွေက အပေါ်ယံအားဖြင့်ကြည့်ရင် --- သဘောထားမျိုးရှိတာကိုး။ ဒီကြားထဲမှာ အတိုက်အခံ အင်အားစုတရပ်များ ပေါ်လာ ဦးမလားလို့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့ဗျာ။”

လက်ရှိအချိန်မှာ ပြည်သူ့လွှတ်တော်အတွင်းမှာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်၂၁၉ ဦး ရှိပြီးတော့၊ အမျိုးသားလွှတ်တော်အတွင်းမှာတော့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၁၂၄ ဦး ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်ပါတီက ဒုတိယနဲ့ တတိယနေရာမှာ ရပ်တည်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG