သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်


ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)
ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)
လာမယ့်၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး ပြင်ဆင်ဖို့ လက်ရှိ အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီဗဟိုကော်မတီဝင် အစည်းအဝေးကို မကြာခင်ရက်ပိုင်းမှာ နေပြည်တော်မှာ ကျင်းပဖို့ရှိတယ်လို့ ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီး ခေါင်းဆောင်ပိုင်း လျာထားချက်တွေကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။

ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်ပိုင်းရဲ့ နိုင်ငံအကြီးအကဲအဆင့် တာဝန်ယူဖို့ ခေါင်းဆောင်အဆင့် လျာထားချက်တွေနဲ့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ နေပြည်တော်မှာ လာမယ့် ဇွန်လ ၂၀ ရက်နေ့ကျရင် ပါတီဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံဖို့ ရှိတယ်လို့ ကိုယ်တိုင်တက်ရောက်ဖို့ရှိတဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဗဟိုကော်မတီဝင်လည်းဖြစ်၊ လက်ရှိ လွှတ်တော်အမတ်ဖြစ်တဲ့ ဦးလှဆွေက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

“လာမယ့် ၂၀ ရက်နေ့မှာ ကျနော်တို့ ဗဟိုကော်မတီဝင်တွေကို ခေါ်ထားပါတယ်။ နေပြည်တော်မှာ တနိုင်ငံလုံးက ဗဟိုကော်မတီဝင်တွေပေါ့ ဟုတ်ကဲ့။ နေပြည်တော်မှာ ၅ ရက်လောက် ကျနော်တို့ ဆွေးနွေးမှာပေ့ါလေ။ ကျနော်ကလည်း ဗဟိုကော်မတီဝင်တစ်ယောက်ဆိုတော့ ကျနော့်ကိုလည်း ဖိတ်ထားပါတယ်။”

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လက်ရှိ လွှတ်တော်အမတ်တွေကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ပြန်လည်ဝင်ရောက် အရွေးခံဖို့ ဆန္ဒ ရှိ မရှိ ဆန္ဒခံယူမှာဖြစ်ပြီး၊ နိုင်ငံတာဝန်ယူဖို့ ခေါင်းဆောင်ပိုင်း လျာထားချက်တွေကို အဓိက ဆွေးနွေးမယ်လို့ ဦးလှဆွေက ဆိုပါတယ်။

“၂၀၁၅ မှာ ကျနော်တို့ကို ဆန္ဒတောင်းတယ်ဗျာ။ ဆက်ပြီးတော့ အရွေးခံမှာလား။ မခံဘူးလားပေါ့လေ။ ဘယ်သူ ဘယ်နယ်မြေမှာ ဝင်ပြိုင်မယ်ဆိုတာ လက်ရှိ အမတ်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ နောက်မျိုးဆက်သစ်တွေနဲ့ ကျနော်တို့ကို လျာထားတာလေးတော့ ရှိတာပေါ့။ အဲလို လျာထားတာလေးတွေကိုတော့ အသေးစိတ်တော့ ကျနော်တို့ကို ချပြတာတော့ မရှိသေးဘူး။ သို့သော် ၂၀၁၅ မှာတော့ တကယ့် အင်ပြည့်အားပြည့် ဝင်ပြိုင်မယ်ဆိုတာတော့ ကျနော် အဲ့ဒါတော့ သိထားပါတယ်။”

ပါတီထိပ်သီးခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ အခု လက်ရှိ ပါတီဥက္ကဌအဖြစ်ကနေ အနားယူပြီး နိုင်ငံတော်သမ္မတ တာဝန်ယူထားသူ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိ ပါတီဥက္ကဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဥက္ကဌလည်းဖြစ်တဲ့ သူရရွှေမန်းရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ နိုင်ငံခေါင်းဆောင်ပိုင်း တာဝန်ယူမယ့် အရေးနဲ့ပတ်သက်ပြီး ဗဟိုကော်မတီဝင်တွေရဲ့ အများဆန္ဒနဲ့ ရွေးချယ်ကြမှာ ဖြစ်တယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။
“ပထမတုန်းက သမ္မတကြီးက မပြိုင်တော့ဘူးလို့ ပြောတယ်။ ၂၀၁၅ ကျရင် သူ နားမယ်လို့ ပြောထားတယ်။ နောက်ပိုင်းကျတော့ သူက တိုင်းပြည်က လိုအပ်ရင် တာဝန်ပေးရင် သူ အဲ့ဒီတချက် ပြောတယ်။ သူရဦးရွှေမန်း အမေရိကန်ရောက်တော့လည်း သူ့အနေနဲ့ တာဝန်ပေးရင်လည်း သူ လုပ်ပါမယ်ဆိုပြီးတော့ ပြောတယ်လို့ ကျနော်တို့လည်း ကြားရတယ်။ ကျနော်တို့ကတော့ နှစ်ယောက်စလုံးကတော့ ဒါ ထူးထူးချွန်ချွန် လုပ်နေကြတာပဲလေ။ ကျနော်တို့ စီအီးစီ တွေ ဆုံးဖြတ်တာအပေါ် မူတည်ပြီးတော့ သူတို့က လုပ်မှာပါခင်ဗျ။”

“စီအီးစီတွေက ကျနော်တို့ကို ဘယ်လို ဂိုက်လိုင်းချပေးမလဲဆိုတာ ကျနော်တို့ အခုအချိန်မှာ မပြောသေးဘူး ဖြစ်နေပါတယ်။ ၂၀ ရက်နေ့မှာတော့ ကျနော်တို့ စီစီ တွေကိုတော့ ခေါ်ထားပါတယ်။ အဲ့ဒီနေ့မှာ ဘာပြောမလဲ မသိဘူး။ အဲ့ဒီကျ ပြောတဲ့အခါကျရင်လည်း သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေ လုပ်မယ်ထင်ပါတယ်။ မဟုတ်ရင်လည်း ကျနော်တို့ သိရတာလေးတွေ ပြောပြပါမယ်ခင်ဗျ။”

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနဲ့ အစိုးရအကြီးအကဲ သမ္မတတစ်ဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

အထွေထွေ ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့ပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ယှဉ်ပြီး သူတို့ပါတီ ရှုံးနိမ့်ခဲ့ရတဲ့အခြေအနေနဲ့ ပါတီခေါင်းဆောင်ပိုင်း အဆင့်ကနေ အောက်ခြေပါတီဝင် အဆင့်အထိ ယှဉ်ပြိုင်နိုင်ဖို့ လာမယ့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေကိုလည်း ဦးလှဆွေက ရှင်းပြပါတယ်။

“ဘယ်လိုလုပ်နေသလဲဆိုတော့ ကျနော်တို့က ခေါင်းဆောင်ပိုင်း ယှဉ်မယ်ဆိုရင်လည်း ခေါင်းဆောင်ပိုင်းကြီးပဲ ယှဉ်ပေါ့ဗျာ။ အောက်ခြေပိုင်းကို ယှဉ်ရင်လည်း အောက်ခြေချင်းမှာ ယှဉ်ဖို့သင့်တယ်လို့ အဲ့လို ခွဲခြားပြီး ယှဉ်ဖို့လို့ ကျနော့်အနေနဲ့ လူထုကိုလည်း ပြောချင်တယ်။ နောက်တခါ တဦးချင်းကိုလည်း အဲ့လိုမျိုး ကျနော်က တိုက်တွန်းတာပေါ့။ ဘာလို့လဲဆိုတော့ ဥပမာဗျာ လာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ ကြံ့ခိုင်ရေးက ရှုံးသွားတယ်။ NLD တွေချည်းပဲ နိုင်သွားတယ်ဆိုတော့ ဟို NLD က ပြိုင်တဲ့သူကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်ဆိုပြီး အဲ့လိုမျိုး ပြိုင်တာ။ ပြထားတာဗျ။ ပြထားတဲ့အခါကျတော့ အဲ့ဒီဒေသရဲ့ ဖွံ့ဖြိုးမှုကို လုပ်နိုင်တဲ့သူ အဲ့ဒီအမတ်အဖြစ် ရွေးချယ်ဖို့ သင့်တယ်။ ခေါင်းဆောင်ပိုင်းကျတော့လည်း ခေါင်းဆောင်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသိန်းစိန်တို့၊ ဦးရွှေမန်း တို့ ဒါ တကယ်လုပ်နိုင်တဲ့ တကယ့်လူတွေ။ ကျနော်တို့က အဲ့ဒီလို တကယ်လုပ်နိုင်တဲ့သူကိုပဲ ရွေးရင် ပိုပြီးတော့ ဒေသအတွက်လည်း တိုးတက်မယ်။ တိုင်းပြည်အတွက်လည်း တိုးတက်မယ်လို့ မြင်ပါတယ်ခင်ဗျ။ ကျနော်ကတော့ အဲ့ဒီပုံစံအတိုင်း သွားချင်တယ်။ အဲ့ဒီပုံစံအတိုင်း တင်ပြမယ်လို့လည်း ကျနော်က စဉ်းစားထားပါတယ်ခင်ဗျ။”
လာမယ့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ညီလာခံ ရွေးကောက်ပွဲဝင်နိုင်ရေး ကြံ့ခိုင်ရေးပါတီကြီးက ဗဟိုကော်မတီအဆင့် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လွှတ်တော်တွင်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို လွှတ်တော်ထဲမှာ စတင် တင်သွင်းခဲ့တဲ့ ပါတီဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွင်း အမတ်နေရာ အများဆုံး ရရှိထားတဲ့ ပါတီကြီးလည်း ဖြစ်ပါတယ်။
XS
SM
MD
LG