သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအတွက် ပြင်ဆင်


၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေကြတဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်များ။
၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေကြတဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်များ။

နိုဝင်ဘာလထဲကျင်းပမယ့် ရွေးကောက်ပွဲမှာ အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူတွေကို စာရင်းပြုစုနေပါပြီ။ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းကတော့ ကျန်းမာရေးအခြေအနေကြောင့် ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

လာမယ့်၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးလည်းဖြစ်၊ တောင်သာမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးအောင်သောင်း ကျန်းမာရေးမကောင်းတဲ့အတွက် သူ့နေရာမှာ အစားထိုးယှဉ်ပြိုင်ဖို့ ပါတီ တာဝန်ရှိ သူတွေ စီစဉ်နေကြတာပါ။ ဦးအောင်သောင်းကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၈) ရက်နေ့ ဗုဒ္ဓဟူးနေ့ညက နေပြည်တော်က သူ့နေအိမ်မှာ ရုတ်တရက် သတိလစ်မေ့မြောရာက စင်္ကာပူနိုင်ငံအထိ ပို့ဆောင်ပြီး အခုအချိန်အထိ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ ဒီအတွက် သူကိုယ်စားပြုရာ မဲဆန္ဒ နယ်မြေမှာ အစားထိုးယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့အကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။

၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေကြတဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်များ။
၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေကြတဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်များ။

“ဥပမာ- အဘဦးအောင်သောင်းတို့လို ရုတ်တရက် မကျန်းမမာဖြစ်တဲ့လူမျိုးတို့၊ ဘာတို့ ပြန်ပြီးလျာထားတာတွေ- အဲဒါမျိုးလေးတွေလည်း အပြောင်းအလဲ နည်းနည်းတော့ ရှိတာပေါ့။ နဂိုရ်တုန်းက ကျနော်က မြင်းခြံလွှတ်တော်ကိုယ်စားလှယ်၊ မြင်းခြံနဲ့တောင်သာဆိုတာ ၂၇ မိုင်ပဲဝေးတယ်လေ။ နောက် မြင်းခြံက ကျနော့်အမျိုးသမီးမြို့ဖြစ်ပါတယ်။ စီးပွားရေးမြို့ပေါ့၊ Business town ပေါ့။ ကျနော့ဇာတိက တောင်သာ၊ အခု အဘဦးအောင်သောင်းနေရာ ဖြစ်ပါတယ်။ ကျနော့်ကိုလည်း နဂိုရ်ထဲက သူက တောင်သာမှာတွဲပြီးတော့ လူထုနဲ့လည်း မိတ်ဆက်ထားတယ်။ ကျနော် နယ်တွေလည်း ဆင်းထားတာဖြစ်တဲ့အတွက် နောက်ဆုံးပြင်ဆင်ချက်အနေနဲ့ ကျနော်ပဲဖြစ်ဖို့များပါတယ်။”

ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေအနေနဲ့ ကိုယ်စားပြုရွေးချယ်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းစာရင်းတွေကို သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး သီတင်း ၂ ပတ်ကြာ အမည်စာရင်းတင်သွင်းခွင့် ပြုထားတဲ့အတွက် ကိုယ်စားလှယ်စာရင်း အပြီးသတ် ရွေးချယ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဦးဝင်းမြင့်ကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကတော့ အင်္ဂါနေ့မှာ ကျင်းပမယ့် ပါတီအစည်းအဝေးမှာ ကိုယ်စားလှယ်လောင်း စာရင်း တရားဝင် ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

“မနက်ဖြန်ခါ ပြောလောက်တယ်ဗျ။ နက်ဖြန်ခါ ပါတီအစည်းအဝေးရှိတယ်။ အဲဒီကျ သိရင် ကျနော်ပြောပြမယ်။”

ပြည်ခိုင်ဖြိုးပါတီဘက်က ထပ်ပြီးတော့ အနိုင်ရခဲ့မယ်ဆိုရင် ပါတီညီလာခံခေါ်ပြီး သမ္မတလောင်း ရွေးချယ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

“ပါတီညီလာခံမှာလည်း ကျနော်တို့ ဆုံးဖြတ်ထားတာက ရွေးကောက်ပွဲကို သန့်ရှင်းပြီးတော့ လွတ်လပ်မျှတစွာ အားလုံးပါဝင်နိုင်တဲ့အထိအောင် လုပ်မယ်။ လုပ်ပြီးမှ ကျနော်တို့ပါတီက အနိုင်ရခဲ့ရင် ကျနော်တို့ ပါတီညီလာခံခေါ်မယ်။ ပါတီညီလာခံကျမှ ကျနော်တို့က အဲဒီကျမှ ပါတီမှာ မည်သူဟာ သမ္မတလောင်း ဖြစ်သင့်တယ်ဆိုတဲ့အနေအထားကို ရွေးချယ်ကြမှာ။ ရွေးချယ်ပြီးမှ ကျနော်တို့က လွှတ်တော်ထဲမှာ နောက်တဆင့်ရွေးရမှာဖြစ်ပါတယ်။”

အခုလက်ရှိ သမ္မတတာဝန်ယူထားတဲ့ ဦးသိန်းစိန် ကတော့ နောက်တကြိမ် သက်တမ်းအတွက် ပြန်လည်တာဝန်ယူသင့်၊ မသင့် မဆုံးဖြတ်ရသေးဘူး လို့လည်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဝင်းမြင့်က ပြောပါတယ်။

“ဂျပန်မှာပြောသွားတယ်လေ။ သူက အမျိုးသားနိုင်ငံရေးပဲလုပ်တော့မယ်၊ ပါတီနိုင်ငံရေးလည်း သိပ်ပြီးတော့ စိတ်ကူးမယဉ်တော့ဘူးလို့ ပြောတာလည်းတချက်၊ အရင်တုန်းကလည်း ကျန်းမာရေးအရရော- သူက နှလုံးမှာ စက်ထည့်ထားတဲ့အခါကျတော့ - ဒါလေးလည်း နည်းနည်း သူပြောတယ်။ တဘက်ကလည်း တိုင်းသူပြည်သားတွေက ဆန္ဒရှိရင်လည်း ပြန်လုပ်ဖို့ စဉ်းစားမယ်လို့လည်း ပြောတယ်ပေါ့လေ။ အဲဒီတော့ ကျနော်တို့က ခန့်မှန်းရခက်ပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက်ကိုလည်း လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင် ပါတီအောင်နိုင်ရေး ဗဟိုကော်မတီဖွဲ့ပြီး ဦးဆောင်ဆောင်ရွက်မှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG