သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲ


မြန်မာပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း အဆင့်ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ သိသိသာသာ မြင့်တက်လာနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းအဆင့် အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့်ချိန်တွေမှာ နေပူထဲမထွက်ဖို့နဲ့ ထွက်မယ်ဆိုရင်လည်း အကာအကွယ်ယူပြီး သွားလာကြဖို့ကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်း အဆင့်မြင့်မားမှုဟာ မြန်မာပြည် တောင်ပိုင်းဒေသမှာ ဒီနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်း မှာတော့ မြန်မာပြည်တာင်ပိုင်းဒေသအထိ ပျံ့နှံ့လာနေတာဖြစ်ပါတယ်။ ဒီလို မြင့်တက်လာနေတဲ့ အခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က အခုလို ပြောပါတယ်။

“ခရမ်းလွန်ရောင်ခြည်မြင့်တာက မြန်မာပြည်တောင်ပိုင်းကနေ စလာတာ။ အခု အလယ်ပိုင်းလောက်အထိ မြင့်လာတယ်။ အဆင့်က ပုံမှန်ကတော့ ၁၁ ကျော်ကျော်လောက်ပေါ့။ အခုက အလယ်ပိုင်းလောက် တချို့နေရာတွေမှာ ၁၄ လောက်အထိ ရှိပါတယ်။ ကော့သောင်း ကနေပြီးတော့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေက ၁၂ ကနေ ၁၄ ကြားမှာ ရှိပါတယ်။ ၈ ရဲ့အထက်ရောက်ရင် အန္တရာယ်ရှိပါတယ်။ ခုတော့ မိုးပြန်အုံ့ရင်တော့ ပြန်သက်သာပါတယ်ဗျ။”

နေရောင်ခြည်မှာ ပါဝင်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ လူ့တွေအတွက် ဗိုက်တာမင်ဒီ ထုတ်လုပ်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပေမဲ့ လွန်လွန်ကဲကဲ ကျရောက်မယ်ဆိုရင် လူရဲ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အခုလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာတာကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေနဲ့ ကာကွယ်ဖို့အတွက်ကိုတော့ ဒေါက်တာထွန်းလွင်က အခုလို ဆက်ပြောပါတယ်။

“လူတွေမှာ အဓိကကတော့ အရေပြားဆိုင်ရာ ရောဂါပါပဲ။ နေလောင်တာတို့ ၊ အရွယ်ကျတာတို့ ၊ မျက်စေ့တိမ်စွဲတာတို့၊ နောက် ကိုယ်ခံအား ကျပြီးသားသမီးမရနိုင်တာတို့၊ နောက် အရေပြား ကင်ဆာတို့ အဲဒါတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ မနက် ၁၀ နာရီ- ၁၁ နာရီကနေ နေ့ ၁ နာရီကြားမှာ နေရောင်ထဲထွက်တာကို လျှော့ဖို့ပါပဲ။ ထွက်ရင်လည်း အကာအကွယ်ယူထွက်ဖို့ပါပဲ။ ”

ဒီလို အကာအကွယ်ယူဖို့ဆိုရင် နေပူထဲထွက်ရင် အင်္ကျီထူထူဝတ်ဖို့၊ ထီးဆောင်းဖို့ နဲ့ နေကာမျက်မှန်တပ်ဖို့ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ ဒီလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့်ဟာ ၁၁ လောက် အထိသာ ရှိခဲ့တာဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာနေတယ် ဆိုတာနဲ့ပတ်သက်ပြီး မြန် မာနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတဦးကို မေးမြန်းရာမှာတော့ သူတို့ဌာနမှာ တိုင်းတာတဲ့ စက်ကိရိယာမရှိသလို ဒီလိုကျရောက်တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာလည်း ကြောင်း ဖြေဆိုပါတယ်။

အခုလို ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းအဆင့်မြင့်မားလာတာကတော့ စက်မှုထွန်းကား လာတာနဲ့အတူ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု များပြားလာတဲ့နောက် ခရမ်းလွန်ရောင်ခြည်ကို စစ်ယူတဲ့ ကမ္ဘာ့အိုဇုံးလွှာပေါက်ပြဲလာမှုကြောင့် ဖြစ်ပါတယ်။
XS
SM
MD
LG