သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ပြည်ထူထောင်ခွင့်ရရေး UWSA တောင်းဆို


UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခုရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ဝပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာပါ။ လက်နက်ကိုင်အင်အား အတောင့်တင်းဆုံး ဝတပ်ဖွဲ့နဲ့ မြန်မာအစိုးရတို့ ကြား ဆွေးနွေးနေတဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ (မြန်မာပိုင်း) သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

ဦးသိန်းဇော် ခေါင်းဆောင်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တာဝန်ရှိသူတွေနဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က ဒုဥက္ကဌ လျှောက်မီလျံ နဲ့ ပေါက်ယိုယီ တို့ ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ဝအဖွဲ့ အခြေစိုက်ရာ ပန်ဆန်းမြို့မှာ တွေ့ဆုံချိန် သူတို့ရဲ့ အနာဂတ် ရပ်တည်ရေးကိစ္စတွေအတွက် အဓိကအာရုံစိုက် ဆွေးနွေးခဲ့တာ ဖြစ်ပါ တယ်။ ဒီဆွေးနွေးပွဲမှာ ဝအဖွဲ့က အလေးထားတင်ပြတဲ့အချက်တွေကို UWSP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အခုလို ပြောပါတယ်။

“အခု နိုင်ငံတော်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပြီ။ ၂၀၀၈ အခြေခံဥပဒေဟာ ဆိုလို့ရှိရင် အရင်က အခြေအနေအပေါ်မှာ အခြေခံပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်။ အခု ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေစွာပေါ့ အခြေခံဥပဒေကို ပြုပြင်ရေးဆွဲဖို့ လိုအပ်တယ်။ ပြင်ဖို့လိုအပ်တဲ့အထဲမှာပဲ ကျနော်တို့ ဝတိုင်းရင်းသားတွေ တင်ပြဆွေးနွေးနေတဲ့ တောင်းဆိုနေတဲ့ ဝပြည်နယ်ရရှိရေး ဆိုတာကိုလည်း ထည့်သွင်းစဉ်းစား။ ထည့်သွင်းပြုပြင်သွားဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဆွေးနွေးတယ်လေ။ ပြည်နယ်အဆင့် သတ်မှတ်ရေးပေါ့။ ဒါလေးကို ဦးစားပေးပြီး ပြောပါတယ်။”

ဆွေးနွေးပွဲမှာ တင်ပြတဲ့ အခြားအချက်တွေကတော့ ဝအဖွဲ့က ပြည်ထောင်စုက ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး တောင်းဆိုမှာ မဟုတ်ကြောင်း၊ တိုင်းရင်းသားတွေကြားက နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့နဲ့ စစ်ရေးနည်းအရ ဖြေရှင်းတာကို ကန့်ကွက်ကြောင်း ဆိုတာတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ တွေ့ဆုံချိန်မှာ UWSP က တင်ပြခဲ့တာကို ဦးသိန်းဇော်နဲ့အဖွဲ့က အထက်ကို ဆက်လက် တင်ပြသွားမယ်လို့ တုံ့ပြန်ထားပါတယ်။

ဦးသိန်းဇော်တို့နဲ့ ဝခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ တရုတ်ကနေ ဝအဖွဲ့ကို အဆင့်မြင့် စစ်ရဟတ်ယာဉ်တွေ အပါအဝင် လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။

နာမည်ကျော် စစ်ဘက်ဆိုင်ရာ စာစောင်တစ်ခုဖြစ်တဲ့ Jane’s Defense Weekly က ဒုံးလက်နက်တွေပါဝင်တဲ့ စစ်ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တဲ့အကြောင်း မကြာသေးခင်က ဖော်ပြခဲ့တာကို နှစ်ဘက်တာဝန်ရှိသူတွေ အလွတ်သဘော ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပြပါတယ်။

“ဒီကိစ္စဟာ သူတို့ပြောတာက အခြေအမြစ် မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ကျနော်တို့ တကယ်ကိုပဲ လော (Lao) ကနေပြီးတော့ ရဟတ်ယာဉ်တစ်စီးဝယ်တယ်။ ဖော်ကာ တစ်စီးဝယ်တယ်။ နောက်သင်္ဘောလေး တစ်စီးဝယ်ထားတယ်။ ကျနော်တို့ဆီကို ကားနဲ့တင်လာတယ်။ ဘာလုပ်ဖို့လဲ၊ ဘာလို့ ဝယ်လဲဆိုတော့ ကျနော်တို့ မိုင်းပေါက်ဒေသမှာ သဘာဝဥယျာဉ်တစ်ခု တည်ထောင်ဖို့ စီမံထားတယ်။ လုပ်လည်း လုပ်နေတယ်။ ဒီတော့ သဘာဝဥယျာဉ်ကို လုပ်ပြီးတဲ့အခါမှာ ဒေသက အရပ်သားတွေ လေယာဉ်ပျံဆိုတာ ဘာလဲ မတွေ့ဖူးဘူး၊ သင်္ဘောဆိုတာ ဘာလည်း မတွေ့ဖူးဘူး။ ဒါကြောင့် သူတို့တွေ တွေ့ရအောင်လို့ ဝယ်လာတာဖြစ်တယ်။ ကျနော်တို့ အင်တာနက်မှာ ဒီပုံတွေ အကုန်လုံး ပြန်ပြီး ဖော်ပြထားပါတယ်။ ဦးသိန်းဇော်ဆိုရင် ဓာတ်ပုံလည်း ပေးလိုက်ပါတယ်။”

လောနိုင်ငံကတဆင့် သယ်ယူလာတဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေဟာ အင်ဂျင်မပါကြောင်းနဲ့ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီကိုလည်း အဲဒီဓာတ်ပုံတွေကို ဦးသိန်းဇော်ကတဆင့် ပေးပို့ခဲ့ကြောင်း ဦးအောင်မြင့်က ဆက်ပြောပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့တာကြောင့် နှစ်ဘက်တင်းမာမှုတွေ ဖြစ်ခဲ့ပေမဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းပြီးချိန်မှာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် စောင့်ထိန်းဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။

လောလောဆယ်မှာတော့ UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။
XS
SM
MD
LG